ဘားအံ - စက်တင်ဘာ (၂၇)
ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကို ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် ၂ ရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်လူငယ်စင်တာ၌ အစုအဖွဲ့(၄)ဖွဲ့ ခွဲ၍ ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာစာတမ်း(၄)စောင်ကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာ ရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ များ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူ၊ဆရာ၊ဆရာမများ၊ ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များ အစုအဖွဲ့(၄)ဖွဲ့ခွဲ၍ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေးနှင့်ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းတည်ဆောက်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး ရေးနှင့်ဒေသဖွံ့ဖြိုးမှုတိုးတက်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်အားကစားမြှင့်တင် ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့်လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်းနည်းပညာသက် ရောက်မှုများ ဉာဏ်ရည်တုနည်းပညာ AI စနစ်ထူထောင်ရေး၊ ဆိုက်ဘာ(Cyber)၊ Online Security၊ လူမှုကွန်ရက်(Social Media)ကွန်ရက်အဖွဲ့များ ထိရောက်သောသတင်းမှန်ပြန်ကြားရေး စာတမ်းတို့ကို သက်ဆိုင်ရာအစုအဖွဲ့များအလိုက် (Group Discussions) လွတ်လပ်စွာပါဝင်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးမှုများကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်ဦးဇော်အေးမောင်၊ အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်မင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်ဆောင်ရွက်သူဦးသက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာစာတမ်းများအလိုက် အကြံပြုအားပေးစကားများ ပြောကြား၍ ကရင်ပြည်နယ်လူငယ်စင်တာအတွင်းရှိ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ဖိုရမ်သို့တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများက ထိန်းသိမ်းကာ အစဉ်သွေးချင်းတို့သဘင် တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အတွင်းလူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ် ရေးနှင့် လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေး စာတမ်းကို အဖွဲ့(၃)ကိုယ်စားလှယ် ပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေး မှူးဦးစသိန်းကျော်ကလည်းကောင်း၊ ကရင်ပြည်နယ်အတွင်းနည်းပညာသက်ရောက်မှုများ ဉာဏ်ရည်တုနည်းပညာ AI စနစ် ထူထောင်ရေး၊ ဆိုက်ဘာ(Cyber)၊ Online Security၊ လူမှုကွန်ရက်(Social Media)ကွန်ရက်အဖွဲ့များ ထိရောက်သော သတင်းမှန်ပြန်ကြားရေး စာတမ်းကို အဖွဲ့(၄)ကိုယ်စားလှယ် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်မာလာထွန်း က လည်းကောင်း ဖတ်ကြားကြသည်။
ယင်းနောက် ကရင်၊ ဗမာ၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသားယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ဖိုရမ် ပထမနေ့တွင် ကရင်ပြည်နယ်လူငယ်စင်တာ၌ အစုအဖွဲ့(၄)စုခွဲ၍ ဆွေးနွေးခဲ့ကြသည့် ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေးနှင့်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေး၊ ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ရေးနှင့် ဒေသဖွံ့ဖြိုးမှုတိုးတက်ရေး၊ ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့်လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးခေါင်းစဉ်များအား အဖွဲ့လိုက်သုံးသပ်၍ ရှေ့လုပ်ငန်းစဉ် စီမံချက်များကို တက်ရောက်လာသူများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အကြံပေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းက ဆွေးနွေးသုံးသပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်စီမံချက်များအပေါ် အကြံပြုပြောကြားပြီး မြန်မာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို)MYDA ဥက္ကဋ္ဌက သုံးသပ်ချက်၊ ရှေ့လုပ်ငန်းစဉ်စီမံချက်များကို အကြံပြုဆွေးနွေး ကာ အဖွဲ့လိုက်ဆွေးနွေးခဲ့ကြသည့်ခေါင်းစဉ်အကြောင်းအရာများအလိုက် သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်စီမံချက်များ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ဆုံးဖြတ်ချက် စာတမ်းကို ပါဝင်ဆွေးနွေးခဲ့ကြသူများက ဖတ်ကြားကြသည်။
ထို့နောက် ကရင်ပြည်နယ်ဂီတအစည်းအရုံးမှ ဖိုရမ်နှလုံးသားတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ဤဖိုရမ်သည် အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပပြီးဆုံးသွားခြင်းမဟုတ်ဘဲ ပြည်နယ်၏ ငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက်အဝန်းများအကြား အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် မျိုးဆက်များအတွက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးတို့အတွက် အတွေးအမြင်များ၊ အတွေ့အကြုံများ၊ အကြံပြုချက်များနှင့် လက်တွေ့လုပ်ငန်းစဉ်များကိုအတူတကွဆွေးနွေးဖော်ထုတ်ခဲ့ကြသည့် အရေးပါ သော ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း ကျေးဇူးတင်စကားနှင့်နိဂုံးချုပ်အမှာစကားပြောကြားကာ သူနာပြုသိပ္ပံ(ဘားအံ)မှ သင်တန်းသား၊သင်တန်းသူများက စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပယ်ရရှိသော အောဟုအောဟောင် ကရင်တေးသီချင်း ဖြင့် သီဆိုကပြဖျော်ဖြေ၍ ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ရုတ်သိမ်းခဲ့ပါသည်။















