ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးမိုးစပါးဧရိယာများအတွက် မျိုးစပါးနှင့်မြေဩဇာများချီးမြှင့်ပေးအပ်

ဘားအံ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးဧရိယာများအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မျိုးစပါးနှင့်မြေဩဇာများ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူများအနေဖြင့် ပျက်စီးဧကများပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးမြှင့်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြစေလိုပြီး ပေးအပ်လိုက်သည့် မျိုးစပါးနှင့်သွင်းအားစု များကို မိမိတို့၏ပျက်စီးလယ်မြေများတွင် အမှန်တကယ်ပြန်လည်စိုက်ပျိုးအသုံးပြုကြရန်နှင့် သီးနှံအထွက်တိုးရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် အရည်အသွေးကောင်းထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ကရင်ပြည်နယ်အတွင်း ဩဂုတ်လ ဒုတိယအပတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်သံလွင်မြစ်ရေမြင့်တက်မှု ကြောင့် စိုက်ပျိုးပြီးမိုးစပါး ၂၈၅၃၀၆ ဧကအနက် ၉၂၁၉ ဧက ရေလွှမ်းခံခဲ့ရပြီး ရေပြန်ကျချိန်တွင် ၂၈၂၀ ဧက ထိခိုက်၍ ၁၃၈၇ ဧက ပျက်စီးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယ တိုင်းမှူး၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပျက်စီး သွားသည့် မိုးစပါး ၁၃၈၇ ဧကအတွက် တစ်ဧက လျှင် မျိုးစပါးတစ်တင်းနှုန်း၊ ယူရီးယားဓာတ်မြေဩဇာ(၄)ဧကလျှင် တစ်အိတ်နှုန်း၊ သဘာဝမြေဩဇာ(၃)ဧကလျှင်တစ်အိတ် နှုန်းတို့ဖြင့် စုစုပေါင်းမျိုးစပါး ၁၃၈၇ တင်း၊ ယူရီးယားဓာတ်မြေ ဩဇာ ၃၄၇ အိတ်၊ သဘာဝမြေဩဇာ ၄၆၂ အိတ်ကို အခမဲ့ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး ချီးမြှင့်ပေးအပ်သည့် မျိုးစပါးနှင့်မြေဩဇာအိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် အခမ်းအနားမစတင်မီနှင့်အခမ်းအနားအပြီးတို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ များက တက်ရောက်လာသောတောင်သူများအား မြေယာပြုပြင်ခြင်းလုပ်ငန်း၊ သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာအချိုးကျ ရောစပ်အသုံးပြုခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းနှင့် မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း၏အကျိုးကျေးဇူးများကို အသိ ပညာပေးဆွေးနွေးဟောပြောခဲ့ကြပါသည်။