ဘားအံ - စက်တင်ဘာ (၁၄)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တို့ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) ဘားအံဇုန်ပွဲစဉ်များကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ရာ စက်တင် ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် ဘားအံမြို့သို့ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက Tea Party လက်ဖက်ရည်ပွဲဖြင့် ကြိုဆိုမိတ်ဆက်ခဲ့ကြသည်။
ဦးစွာ အုပ်စု(က)ဘားအံဇုန်တွင် ယှဉ်ပြိုင်ကြမည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့မှ နည်းပြ၊အုပ်ချုပ်သူ၊အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်အား အသင်းလိုက် မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ တည်းခိုနေထိုင် ရေး၊ စားသောက်ရေး၊ သွားလာရေး၊ လုံခြုံရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အစစအရာရာအဆင်ပြေချောမွေ့စေရန် စီမံ ဆောင်ရွက်ပေးထားပြီး ပြည်နယ်၏သဘာဝအလှတရားများကို ခံစား၍ တိုင်းရင်းသားညီအစ်ကိုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ်လေ့လာနိုင်ရန် လေ့လာရေးခရီးကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကာ ကရင်ပြည်နယ် ဇွဲကပင်မြေတွင် စိတ်ချမ်းမြေ့စွာဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုအားကစားအသင်းများအား အမှတ်တရ လက်ဆောင်များပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ Tea Party လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံ သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ဘားအံဇုန်)အုပ်စုပတ်လည်ပွဲစဉ် များကို ဘားအံမြို့၊လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကရင်ပြည်နယ်အသင်းနှင့်ကယားပြည်နယ်အသင်း၊ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့်တနင်္ဿာရီတိုင်း ဒေသကြီးအသင်း၊ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်အသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်း၊ ၂၀ ရက်နေ့တွင် ကယား ပြည်နယ်အသင်းနှင့်တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ၂၂ ရက်နေ့တွင် ကယားပြည်နယ်အသင်းနှင့်မန္တလေးတိုင်းဒေသကြီး အသင်း၊ ၂၃ ရက်နေ့တွင် ကရင်ပြည်နယ်အသင်းနှင့်တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ကြည့်ရှုအားပေးနိုင်ပြီး ရှုံးထွက်အဆင့်ပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်းများတွင် ကျင်းပသွားမည်ဖြစ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုအသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















