ဘားအံ - စက်တင်ဘာ (၁၁)

            ကရင်ပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            ဆုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲအဖွဲ့ဝင်များ၊ သဘင်အစည်း အရုံး၊ ဂီတအစည်းအရုံး၊ ကပြဖျော်ဖြေပေးသော နည်းပညာတက္ကသိုလ်ဒုံးအဖွဲ့၊ ပညာရေးဒီဂရီကောလိပ်အဖွဲ့တို့အား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ပြီး  အခြေခံပညာအဆင့် အမျိုးသား/အမျိုးသမီး အကပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား/ အမျိုးသမီးအကပြိုင်ပွဲ၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသားအက၊ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့် အမျိုးဂုဏ်/ဇာတိဂုဏ်၊ မဟာဂီတ၊ ခေတ်ဟောင်းတေး/ကာလပေါ်တေးအဆိုပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အတီး ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်လူမှုရေးဝန်ကြီးက ပြိုင်ပွဲဝင်မြို့နယ်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

            ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသော အဆို၊အက၊အရေး၊အတီးပြိုင်ပွဲဝင်များက ပြန်လည်သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုရရှိကြသူများ နှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            အလားတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင်ကျင်းပသည့် ဖိုရမ်ကျင်းပရေးအကြိုညှိနှိုင်းအစည်းအဝေးမှ သိရသည်။

            အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငြိမ်းချမ်းရေးဆောင်ရွက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ပြည်နယ်အဆင့်မီ ဖိုရမ်အောင်မြင်စွာကျင်းပ နိုင်ရေး စေတနာထားပြီး ကဏ္ဍအလိုက် တက်ညီလက်ညီအမျိုးသားရေးစိတ်ဓာတ်နှင့်အထူးအလေးအနက်ထား ပူးပေါင်း ဆောင်ရွက်ကြစေလိုကာ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလစ်ဟင်းမှုမရှိစေရေး အချင်း ချင်းညှိနှိုင်းဆွေးနွေး၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ များကို ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆွေးနွေးတင်ပြကြကာ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကော်မတီ(၁၁)ခုက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် မြန်မာနိုင်ငံလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဗဟိုဥက္ကဋ္ဌက ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြ ကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။