ဘားအံ  - ဩဂုတ် (၂၃)

 ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် တံခွန်စိုက်ဆုဖလားကြီးကို ရရှိခဲ့သော အောင်ပွဲရ ကရင်ပြည်နယ်ရိုးရာလက်ဝှေ့အသင်းသည် ဩဂုတ် လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္က သိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ဘားအံမြို့၊ လူငယ်စင်တာရှေ့တွင် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

            ထို့နောက် ကြိုဆိုဂုဏ်ပြုပွဲကို လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အောင်ပွဲရကရင် ပြည်နယ်ရိုးရာလက်ဝှေ့အသင်းမှ ဆုတံဆိပ်ရအားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်သူ/ပြည်နယ်သားများအတွက် ဂုဏ်တက်စေမည့် တံခွန်စိုက်ဆုဖလားကြီးကို ကရင်ပြည်နယ်ဖားစည်မြေအရောက် စွမ်းစွမ်းတမံယူဆောင်ပေးခဲ့ကြသည့် ပြည်နယ်ရိုးရာလက်ဝှေ့အသင်းအုပ်ချုပ်မှုအဖွဲ့နှင့်အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားကာ အောင်ပွဲရပြည်နယ်ရိုးရာလက်ဝှေ့အသင်းက အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသား(ဂ)တန်းတံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားကြီးတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံအပ်နှံရာ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ(၆၉)သိန်းကို ပြန်လည်ပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် ဌာနဆိုင်ရာများနှင့်စေတနာရှင်၊အလှူရှင်များ၊ လက်ဝှေ့အားကစားကိုချစ်မြတ်နိုးသူများက ပြည်နယ် ဝန်ကြီးချုပ်ထံ အောင်နိုင်ရေးဂုဏ်ပြုငွေများကို ပေးအပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး အသင်းအုပ်ချုပ်သူတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြန်လည် ပြော ကြားသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အောင်ပွဲရကရင်ပြည်နယ်ရိုးရာလက်ဝှေ့အသင်း နည်းပြ၊ အုပ်ချုပ်သူ၊ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဂုဏ်ပြုလန်းဆန်းစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။