ဘားအံ - ဩဂုတ် (၂၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများမှ ဘောလုံးအသင်း ၇ သင်း အားကစားသမားပေါင်း ၁၂၆ ဦးက ပွဲစဉ်ပေါင်း ၁၃ ပွဲဖြင့် ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်ဘော လုံးအသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ဘောလုံးအားကစားဝါသနာရှင်များကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံတက္ကသိုလ်ဘောလုံး အသင်းက ဘားအံပညာရေးဒီဂရီကောလိပ်အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိကြသူများကိုလည်း ကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက တတိယဆုရရှိသော နည်းပညာတက္ကသိုလ်ဘောလုံးအသင်း အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော ဘားအံပညာရေးဒီဂရီကောလိပ် အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ၁၅ သိန်းကျပ် နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။















