ဘားအံ - ဩဂုတ် (၁၂)
“နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီကကြီးမှူး၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အတွင်းရှိအလွှာအသီးသီးမှလူငယ်ကိုယ်စားလှယ်များက နိုင်ငံတော်အလံ ကို အလေးပြုကြပြီး အခမ်းအနားကို လူငယ်စွမ်းရည်ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က မိမိ တို့၏ပတ်ဝန်းကျင်နှင့်နိုင်ငံတော်အတွက် အကျိုးပြုနိုင်ကြသည့် နိုင်ငံသားကောင်းများ၊ ခေတ်သစ်နည်းပညာများကို အကျိုး ရှိစွာအသုံးချနိုင်သူများ၊ ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်သူများ၊ လူမှုစီးပွားအကျိုးပြုနည်းလမ်းများကို ရှာဖွေဖော်ထုတ် နိုင်သူများ ဖြစ်လာစေရန်အတွက် တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်တစ်ဝှမ်းလုံးတွင်ရှိသည့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို အထူးတိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင် က ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထူးချွန် လူငယ် ၉၃ ဦးကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း လူငယ်ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအက အလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီး မြှင့်ကာ ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက ထိန်းသိမ်းကာလေအစဉ် သွေးချင်းတို့သဘင် သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များက ခင်း ကျင်းပြသထားသော လူငယ်ရေးရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကရင်ပြည်နယ်အတွင်း ကျောင်းနေအရွယ်ကလေးငယ်များအား အင်အားဖြည့်စွက်စာ နွားနို့နှင့်ကြက်ဥတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းရှိကျောင်းသား၊ကျောင်းသူ(၂၂၆)ဦး၊ အမှတ်(၁၀)အခြေခံပညာ မူလတန်း(လွန်)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ(၂၀၄)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ ၄၃၀ ဦးတို့အား အင်အား ဖြည့်စွက်စာ နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြပါသည်။















