ဘားအံ - ဩဂုတ် (၆)

            ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ၏ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီနှင့် ဘားအံတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သော စားပွဲတင်တင်းနစ်အားကစားနည်းသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ကရင်ပြည်နယ်လူငယ်စင်တာ၌ ကျင်းပသည်။

            အဆိုပါသင်တန်းဆင်းပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ဘားအံတက္ကသိုလ်     ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။

            ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန် လူငယ်ရေးရာဆိုင်ရာကဏ္ဍ(၁၆)ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ ယခုကဲ့သို့သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကာ သင်တန်းဆင်းမောင်တို့မယ်တို့အားလုံး နိုင်ငံလက်ရွေး စင် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်ကြစေလို ကြောင်း တိုက်တွန်းပြောကြားပြီး ဘားအံတက္ကသိုလ်အတွက် အားကစားပစ္စည်းနှင့်အားကစားဝတ်စုံများ ချီးမြှင့်ပေးအပ် သည်။

            ယင်းနောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်း စုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲနှင့်နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဘားအံတက္ကသိုလ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီဥက္ကဋ္ဌက သင်တန်းနည်းပြများ အား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

            အဆိုပါသင်တန်းကို ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ သင်တန်းသား(၃၀)ဦး၊ သင်တန်းသူ(၆)ဦး စုစုပေါင်း (၃၆)ဦးက ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့ထိ ကျောင်းဆင်းချိန် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲထိ စာသင်ချိန် မထိခိုက်စေဘဲ သင်ကြားပြီးမြောက်၍သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။