ဘားအံ - ဇူလိုင် (၂၉)

၂၀၂၆ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် YBZ အသင်းနှင့် Garden Street အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်အတွင်း တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ Garden Street အသင်းက ၇ ဂိုး ၆ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ပြိုင်ပွဲဖြစ်မြောက်ရေးဝိုင်ဝန်းကူညီပေးကြသည့် ဒိုင်အဖွဲ့နှင့်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်း ကောင်း၊ ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးအားကစားသမားဆုတို့ကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးမင်းထွေးက တတိယဆုရရှိသော မင်္ဂလာဝင်းအသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယ ဆုရရှိသော YBZ အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆု(၁၀)သိန်းကျပ်ကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော Garden Street အသင်းအား တစ်ဦး ချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။