ဘားအံ - ဇူလိုင် (၂၈)
ယခုအခါ မော်တော်ယာဉ်များမှတဆင့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန်နှင့် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုကို မြှင့်တင်နိုင်ရန် ဒေသတွင်း လျှပ်စစ်ယာဉ်(EV)များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပြီဖြစ်ရာ ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub(1) နှင့် Hub(2)တို့၏ဖွင့်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ မဲဘောင်-နောင်ပလိန်လမ်း၊ လှာကမြင်ပန်းခြံရှေ့ရှိ EV Charging Hub(1)နေရာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဤစီမံကိန်းသည် အားသွင်းစက်များတပ်ဆင်ခြင်းတစ်ခုတည်း သာမဟုတ်ဘဲ ကရင်ပြည်နယ်၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်ရေး၊ ခရီးသွားလုပ် ငန်းမြှင့်တင်ရေးနှင့် ခေတ်မီမြို့ပြအသွင်ကူးပြောင်းရေးအတွက် အရေးပါသည့်ရင်းနှီးမြှုပ်နှံမှုတစ်ရပ်လည်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများ၏လူနေမှုဘဝပိုမိုကောင်းမွန်လာစေရေး၊ ခေတ်မီအခြေခံအဆောက်အဦ များ တိုးချဲ့တည်ဆောက်ရေး၊ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာစေရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘားအံမြို့ EV Charging Hub(1) နှင့် Hub(2) တို့ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Hpa-an EV Charging Hub(1)ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူမျာသည် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၆၅ ဒဿမ ၄၇ သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော Level-3 အဆင့်ရှိ 60 KW Charger(၅)လုံး၊400 KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်ထားပြီး လျှပ်စစ်ယာဉ်(EV) ၁၀ စီး တစ်ပြိုင်နက်အားသွင်းနိုင်သော Hpa-an EV Charging Hub(1) နှင့် Level-3 အဆင့်ရှိ 60 KW Charger(၄)လုံး၊400 KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်ထားပြီး လျှပ်စစ်ယာဉ်(EV) ၈ စီး တစ်ပြိုင်နက်အားသွင်းနိုင်သော Hpa-an EV Charging Hub(2) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၅)ဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အသိပညာပေးစင်တာနှင့် သိုလှောင်ရုံ RCC (၂)ထပ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သဇင်လမ်းရှိ အဆိုပါအဆောက်အဦရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံအမတ်ကြီး Ms.Ma Jia နှင့်တာဝန်ရှိသူများက အဆောက်အဦကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ ဖွင့်ပွဲအထိမ်း အမှတ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အဆိုပါအဆောက်အဦအပေါ်ထပ်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်က သဘာဝဘေးဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများသိုလှောင် ရန်နှင့် ပြည်သူများအား သဘာဝဘေးအသိပညာများဖြန့်ဝေရာနေရာ အသိပညာပေးစင်တာနှင့် သိုလှောင်ရုံ RCC(၂)ထပ်ကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကို ထိရောက်မြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး အဆောက်အဦရေရှည်တည်တံ့ခိုင်မြဲရေးတာဝန်ရှိသူ အားလုံးက ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အမှာစကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံအမတ်ကြီး Ms.Ma Jia က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စု ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံအမတ်ကြီး Ms.Ma Jia ထံသို့ အဆောက်အဦဆိုင်ရာအချက်အလက် များ လွှဲပြောင်းပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က Ms.Ma Jia ထံ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရကျောက်စီပန်းချီကားကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံအမတ်ကြီး Ms.Ma Jia အဖွဲ့အား ဇွန်လိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် Ms.Ma Jia တို့သည် ပြည်နယ်အတွင်းသဘာဝဘေးလျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားဆိုင်ရာကိစ္စရပ်များ၊ တရုတ်-မြန်မာ-ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေသော အွန်လိုင်းလိမ်လည်မှုတိုက် ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုဖြင့် ဖမ်းဆီးအရေးယူခံနေရသည့် တရုတ်နိုင်ငံသားများ၏အရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။















