ဘားအံ - ဇူလိုင် (၂၅)

            မြို့အင်္ဂါရပ်နှင့်အညီ Green City , Clean City ဖြစ်စေရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူ များပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျှော်စွာဆောင်ရွက်ကြရာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဘားအံမြို့နယ်၊ ကော့သိုက်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ပိုင်ရမ်းကျေးရွာအခြေခံပညာမူလတန်း ကျောင်း၊ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းနှင့် ၎င်းကျောင်းနှင့်တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း ဖော်ခြင်း၊ စွန့်ပစ်ပလပ်စတစ်နှင့်အမှိုက်များရှင်းလင်းခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများအသုံးပြုဆောင်ရွက်နေခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၏ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည်စုံလုံလောက်မှုရှိ/မရှိနှင့် သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိ စေရေးကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအားသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

            အလားတူ ဒုံရင်းအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီအသင်း(၅) သင်း၏ ဒေသငှက်ပျောမျိုးများစုပေါင်းစိုက်ပျိုးပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအား ဒေသငှက်ပျောမျိုးများ ဖြန့်ဝေပေးအပ်ပြီး ကျောင်းသား၊ကျောင်းသူများ၏ ငှက်ပျောပင်များစုပေါင်းစိုက်ပျိုးနေမှုကို တာဝန် ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တလန်ကျေးရွာတွင် တောင်သူများ၏မိုးစပါး ပျိုးနုတ်၊ ကောက်စိုက်သည့်လယ်ယာလုပ်ငန်းခွင်ဝင်ရောက်နေမှုအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့ဝါးဆူးကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦသစ်နှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏တင်ပြရှင်းလင်းမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော ဆဒ္ဒန်ဂူခရီးစဉ်ဒေသ အား ကြည့်ရှုစစ်ဆေးရာ ဆဒ္ဒန်ဂူဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသာနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ခရီးသွားဧည့်သည်များစိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်အပန်းဖြေ နိုင်ရေး၊ ကားပါကင်၊ ဈေးဆိုင်ခန်းများ စနစ်တကျရှိစေရေး၊ ဒေသထုတ်ကုန်များ၊ အဝတ်အထည်များနှင့် အစားအစာများ စနစ်တကျရောင်းချနိုင်ရေး၊ သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အပန်းဖြေလှေစီးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။