ဘားအံ - ဇူလိုင် (၂၄)

ကရင်ပြည်နယ်အတွင်း သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို အများ ပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီရုံးပရဝုဏ်၌ မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲကို ကျင်းပသည်။

            သစ်ပင်စိုက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌထံ သစ်ပင်များဖြန့်ဝေပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ဘားအံစက်မှု ဇုန်မှ တာဝန်ရှိသူများ၊ ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးဒီဂရီကောလိပ်နှင့်အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော အမြင့်(၂)ပေ နှင့်အထက် ကျွန်း၊ ပျဉ်းကတိုး ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ပိတောက်၊ ရေတမာ၊ ခရေပင်ပေါင်း ၇၅၅ ပင်ကို လူထုလှုပ်ရှားမှုအသွင် စုပေါင်းစိုက်ပျိုးခဲ့ ကြသည်။

            ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးစုံ ၂၁၅၀၀၀(နှစ်သိန်းတစ်သောင်း ငါးထောင်)ပင်ကို စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ပြီး မိုးရာသီလူထုလှုပ်ရှားမှုအသွင်သစ်ပင်စိုက်ပွဲ ပြည်နယ်အဆင့် (၅)ကြိမ်၊ ခရိုင်အဆင့်(၄)ကြိမ်၊ မြို့နယ်အဆင့်(၁)ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်၊  တစ်ရွာ(၂)ဧကကျေးရွာပိုင်စိုက်ခင်း (၄)ဧက၊ ဌာနဆိုင်ရာတပ်ရင်းတပ်ဖွဲ့များသို့ဖြန့်ဝေစိုက်ပျိုးခြင်း၊ ဒေသခံပြည်သူလူထုသို့ဖြန့်ဝေစိုက်ပျိုးခြင်းတို့ဖြင့် စုစုပေါင်း ၁၉၃၅၈၆ ပင် ရာခိုင်နှုန်းအားဖြင့် ၉၀ ဒဿမ ၀၄ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

            အလားတူ ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါများပြီး ဒေသစားသုံးမှုဖူလုံစေရန် ယခုနှစ်မိုးရာသီတွင် ငါးကောင်ရေ ရှစ်သိန်းသုံးသောင်းကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်တမံများအတွင်း ငါးမျိုးစိုက်ထည့်ပေးသွား ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံတွင် ငါးမျိုးစိုက်ထည့်ပေးသည့်အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက် ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

            ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရေဘုတ်ရေလှောင်တမံအနီးပတ်ဝန်းကျင်ရှိ ထီလုံ၊ နောင်သငဲ့၊ ကျောက်တောင်၊  သမ္ဘာန်၊ သပုထို အစရှိသောကျေးရွာများမှ ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် ၂ လက်မ အောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြပါသည်။