ဘားအံ - ဇူလိုင် (၂၄)

 ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြသည်။

            ဦးစွာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်အသင်းနှင့် ဘားအံပညာရေးဒီဂရီကော လိပ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့် ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံတက္ကသိုလ်အသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

            ဗိုလ်လုပွဲစဉ်အပြီးတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့နှင့်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိကြသူများကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရ နည်းပညာတက္ကသိုလ်အသင်း၊ ဒုတိယဆုရ ဘားအံပညာရေးဒီဂရီကောလိပ်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရ နည်းပညာတက္ကသိုလ်အသင်းတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသား ပြိုင်ပွဲဒုတိယဆုရ ဘားအံပညာရေးဒီဂရီကောလိပ်အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုများပေး အပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်း ဘေဘီမြင့်က အမျိုးသမီးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသား ဆု(၈)သိန်းကျပ်နှင့်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသား ဆု(၈)သိန်းကျပ်နှင့်ဆုဖလားတို့ကိုပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။