ဘားအံ - ဇူလိုင် (၂၂)

            ပြည်သူအများယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြုတရားစီရင်ရေးစနစ်ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပြီး အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်ဆုံးဖြတ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက ကရင်ပြည် နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားသည်။

            နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပခဲ့သည့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ ၃၁ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာ ကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က နိုင်ငံတော်သမ္မတ၏ တရားစီရင်ရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်မိန့်ခွန်းပါလမ်းညွှန်မှာကြားချက်များ၊ နိုင်ငံတော်၏မူဝါဒ၊ ဦးတည် ချက်များနှင့် ဌာနကချမှတ်သည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ကြရန်၊ တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် ၂၀၂၆ ခုနှစ်အောင်မြင်ရေး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်း လင်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

            ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းက (၃၁)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာမှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေး အရာရှိများ တက်ရောက်ခဲ့ကြပါသည်။