ဘားအံ - ဇူလိုင် (၁၈)
ကရင်ပြည်နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသူများအား ဘေးလွတ်ရာသို့ အချိန်နှင့်တစ်ပြေးညီ ရွှေ့ပြောင်းကယ်ထုတ်နိုင်ရန် ပြည်သူအပါအဝင်စုစုပေါင်းအင်အား ၄၅၀ ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁၂ စီး၊ ယာဉ်ယန္တရား ၅၈ စီးတို့ဖြင့် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့၏ ရေဘေးသဏ္ဍန်တူရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ကန်သာယာရေပြင်၊ ဇွဲကပင်ခန်းမနှင့် သီရိကွင်းတို့တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများက ဘားအံမြို့၊ ကန်သာယာရေပြင်၌ ရှာဖွေ ကယ်ဆယ်ရေးယာဉ်များဖြင့် အနှေးမောင်း၊ အမြန်မောင်းစွမ်းရည်ပြသခြင်း၊ Early Warning မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးမှုအခြေအနေအား ပြည်သူများသတိပြုစေရေး မြစ်အတွင်းလှည့်လည်နှိုးဆော်သရုပ်ပြသ ခြင်း၊ မြစ်ရေမြင့်တက်လာမှုကြောင့် ယာယီရွေ့ပြောင်းပေးရမည့် ပြည်သူလူထုအား စက်လှေများဖြင့် ကယ်ဆယ်၍ ကူညီ ကယ်ဆယ်ရေးယာဉ်များဖြင့် ဘေးလွတ်ရာသို့ ပို့ဆောင်ပေးမှုအားသရုပ်ပြသခြင်း၊ မြစ်အတွင်းစက်လှေမီးလောင်မှုကြောင့် မီးငြိမ်းသတ်မှုနှင့် မြစ်အတွင်းခုန်ချသည့် ပြည်သူ(၃)ဦးအား ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ ရေငုပ်ဝတ်စုံ (Diving Suit)ဖြင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ Water Rescue Rovot (Life buoy)ဖြင့် ရေပြင်ကယ်ဆယ်ရေးသရုပ် ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၅)စီးဖြင့် ရောင်စုံကာလနှင့်ရေပက်သရုပ်ပြသခြင်းတို့ကို ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ယာယီရေဘေးကယ်ဆယ်ရေး စခန်းဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများအား နေရာချထားပေးမှုအား ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားကာ ရေဘေးသဏ္ဍာန်တူသရုပ်ပြလေ့ကျင့်မှုတွင်ပါဝင်သော ဒေသခံပြည်သူ ၁၀၀ ဦးအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်အစရှိသော စားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပြီး ယာယီကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ် ထားမှုနှင့် ကွပ်ကဲရေးရုံးဖွင့်လှစ်ထားမှုတို့ကြို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန်ဆောင် ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘားအံမြို့၊ သီရိကွင်း၌တွေ့ဆုံ၍ ပြည်နယ်ဝန် ကြီးချုပ်က ယနေ့သဏ္ဍန်တူသရုပ်ပြသမှုသည် အမှန်တကယ်ဖြစ်ပေါ်လာမည့်သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး မိမိတို့၏သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် အစဉ်တစ်စိုက် ကြိုးပမ်းလေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးကျရောက်နေစဉ်အတွင်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကျန်းမာရေးကိုအထူးအလေးထားကြစေလိုကြောင်း ပြောကြားကာ ရေဘေးသဏ္ဍန်တူရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုအတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေဘေးသဏ္ဍန်တူရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုတွင် ပါဝင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများ၊ သဘာဝ ဘေး ကျရောက်လာပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးမည့်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်အသုံးပြုမည့်ယာဉ်၊ယန္တရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။















