ဘားအံ-ဇူလိုင်-၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းနှင့် မြဝတီမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်မိနစ်(၉၀)နှင့်အချိန်ပိုအတွင်း တစ်ဖက်သုံးဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်နေသောကြောင့် ပင်နယ်တီအဆုံး အဖြတ်ခံယူရာ ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းက ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက်နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသည့် ကော့ကရိတ်မြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသား ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက က ဒုတိယဆုရရှိသော မြဝတီမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်တို့ကို ပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်လည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။















