ဘားအံ-ဇူလိုင်-၁၆
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံ(ဘားအံ)ဖွင့်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သူနာပြုသိပ္ပံ(ဘားအံ)ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများက နေပြည်တော်တွင် ကျင်းပသည့် သူနာပြုသိပ္ပံများဖွင့်ပွဲအခမ်းအနားကို Video Conferencing ဖြင့် တက်ရောက်ကြသည်။
ထို့နောက် သူနာပြုသိပ္ပံ(ဘားအံ)ဖွင့်ပွဲ ဒုတိယပိုင်းအစီအစဉ်ကိုကျင်းပရာ သူနာပြုသင်တန်းသူများက ကရုဏာ အလင်းတေးသီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ အဆင့်မြင့်တက်လာသည့် သူနာပြုသိပ္ပံ(ဘားအံ)ကျောင်းတော်ကြီးတွင် တက်ရောက်ပညာသင်ကြားကြမည့် မောင်မယ်များအနေဖြင့် မိမိတို့၏ ဘာသာရပ်ဆိုင်ရာ စာပေဗဟုသုတများနှင့်လက်တွေ့ကျွမ်းကျင်မှု(Skills)များကို နိုင်ငံတကာစံနှုန်းမီအောင် ကြိုးစားဆည်း ပူးကြရန်၊ သူနာပြုကျင့်ဝတ်များကို အလေးအနက်စောင့်ထိန်းပြီး လူနာအပေါ်မိမိ၏သွေးသားရင်းချာကဲ့သို့ ကိုယ်ချင်းစာစိတ် ၊ ကရုဏာစိတ်များနှင့် ပြုစုစောင့်ရှောက်တတ်သော အလေ့အကျင့်ကောင်းများကိုမွေးမြူကြရန်၊ ခေတ်မီတိုးတက်နေသော သူနာပြုပညာရပ်များကိုအစဉ်တစိုက်လေ့လာဆည်းပူးပြီး မိမိကိုယ်ကိုအမြဲတမ်း Update ဖြစ်နေအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် သူနာပြုသိပ္ပံ(ဘားအံ)ဒုတိယကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး ဖွင့်ပွဲအမှတ်တရ လက်ဆောင်ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ(ဘားအံ) ကျောင်းဝင်းအတွင်းရှိ လက်တွေ့လေ့ကျင့်ခန်း၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။















