ဘားအံ - ဇူလိုင် (၁၀)

            ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်း တစ်သောင်းငါးထောင်)ပင်ကိုဖြန့်ဝေစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မြိုင်ကလေး၊ အမှတ်(၂)၊ ဘိလပ်မြေစက်ရုံ၊ တန်(၄၀၀၀)၌ ၂၀၂၆ ခုနှစ် မိုးရာသီ(ပထမအကြိမ်)သစ်ပင်စိုက်ပွဲ အနေဖြင့် ကြီးမြန်သစ်မျိုး ၁၉၀၀ ပင်ကိုစိုက်ပျိုးခဲ့ကြသည်။

            သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)၊ ဘိလပ် မြေစက်ရုံ၊တန်(၄၀၀၀)စက်ရုံမှူးကြီးထံစိုက်ပျိုးရန်ပျိုးပင်များဖြန့်ဝေပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိလပ်မြေစက်ရုံ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ နည်မြေခံတပ်မတော်သားများက ဒေသနှင့်ကိုက်ညီပြီး ကြီးမြန်သစ်မျိုးများဖြစ် သော မအူ(၇၅၀)ပင်၊ ပျဉ်းမ(၆၅၀)ပင်၊ သပြေ(၅၀၀) ပင် စုစုပေါင်း(၁၉၀၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

            ထို့သို့စုပေါင်းစိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန် ရှိသူများအား လိုအပ်သည်များမှာကြားကာ ကရင်ပြည်နယ်အတွင်း မိုးရာသီ(အကြို)သစ်ပင်စိုက်ပွဲများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲများ၊ တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်းများဖြင့် ယနေ့ထိ အပင်ပေါင်း ၁၆၀၃၈၃ ပင်စိုက်ပျိုးပြီးခဲ့ပြီဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

            ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဂုဏ်ပြုသည့်အခမ်း အနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသားလူငယ်မောင်မယ်များသည် အခြေခံ ပညာအဆင့်အောင်မြင်မှုရရှိခဲ့ပြီး အဆင့်မြင့်တက္ကသိုလ်အသီးသီးကို ဆက်လက်တက်ရောက်ကာ ပြည်နယ်၏အတတ် ပညာရှင်၊ အသိပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်သကဲ့သို့ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်၊ ပြည်နယ်၏ တာဝန်အသီးသီးကို ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်မည့် ထူးချွန်သော လူသားအရင်းအမြစ်များဖြစ်အောင် ဆက်လက် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်နှင့်ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့် မားရေးအတွက် ကူညီသင်ကြားပေးသော တက္ကသိုလ်များ၊ ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ရာခိုင်နှုန်းကောင်းသောကျောင်းနှင့်မြို့နယ်များအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန် သီချင်း ဖြင့် သီဆိုဂုဏ်ပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။