ဘားအံ - ဇူလိုင် (၁၂)
စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်နိုင်ရေးနှင့် ပလက်စတစ်စွန့်ပစ်ပစ္စည်းသုံးစွဲမှုလျော့ချနိုင်ရေး အသိပညာပေး လှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် နောင်ခရိုင်မဇ္ဈိမလှိုက်ဂူချစ်သူများ ပူးပေါင်း၍ ဇူလိုင်လ ၁၂ ရက် နေ့ နံနက်ပိုင်းက ဘားအံမြို့၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ကြသည်။
တောင်ဝိုင်းတောင်ခရီးစဉ်ဒေသသည် ကရင်ပြည်နယ်၏ခရီးစဉ်ဒေသ(၁၉)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ခရီး သွားဧည့်သည်များနေ့စဉ် လာရောက်လည်ပတ်အပန်းဖြေသည့် နေရာတစ်ခုဖြစ်သည်နှင့်အညီ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်များကြောင့် ခရီးစဉ်ဒေသ၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး၊ ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်မှုမရှိစေရေးနှင့် မြေယာထိန်းသိမ်းမှုလုပ်ငန်းကိုမြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ တောင်ဝိုင်းတောင်ချစ်သူများ၊ ထူးဂုဏ်ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက တောင်ဝိုင်း တောင်တက်လမ်းတစ်လျှောက်ရှိ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက် သရိုက်များကိုဖယ်ရှားရှင်းလင်းခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံ ဇာတရေးရာဝန်ကြီးဦးစယဉ်ဌေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစောခေါင်ပန်ထော့နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်၏ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာခရီးစဉ်ဒေသချစ်သူများက ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အစိုးရရုံးပိတ်ရက် စနေ၊တနင်္ဂနွေနေ့များတွင် အခါအားလျှော်စွာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။















