ဘားအံ - ဇူလိုင် (၁၄)

            မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားအားပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည် ဆောင်ရွက်နေပြီဖြစ်ရာ ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ် မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပသည့် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရ သည်။

            ဦးစွာ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့ဝင်ဌာနဆိုင်ရာများ အနေဖြင့် ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ မူဝါဒ၊လမ်းညွှန်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များ၊ မဟာဗျူဟာ၊နည်းဗျူဟာများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုပြီး ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကာ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြသွား ကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညီညီဇော်က မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများရေရှည်ရပ်တည်နိုင်စေရန်နှင့်နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများက တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားပြီး အထူးအဖွဲ့အတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးက တရားမဝင်ကုန်သွယ်မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ များအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူ များက တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

            ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။