ဘားအံ - ဇူလိုင် (၁၅)
ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ ၊ အရင်းအနှီးနှင့် ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါစက်မှုဇုန်အတွင်းရှိ စက်ရုံ၊အလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Arrow Auto Engineering Co., Ltd ၏ SKD စနစ်ဖြင့်လျှပ်စစ်သုံး EV (၂ဘီး/၃ဘီး)မော်တော်ဆိုင်ကယ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံသို့သွားရောက်ကြည့်ရှုစစ်ဆေး ရာ ကုမ္ပဏီဒါရိုက်တာဦးရန်နိုင်အောင်က စက်ရုံ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ပြည်တွင်းထုတ်ကုန်များသုံးစွဲရန် လျာထားမှု၊ SKD စနစ်ဖြင့် TATA Pickup ကားများ တပ်ဆင်ထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်း လင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါစက်ရုံအတွင်း တပ်ဆင်ထုတ်လုပ်ပြီး ဈေးကွက်သို့ဖြန့်ဖြူးရန် EV မော်တော်ဆိုင်ကယ်များ၊ ASSEMBLY MAIN LINE အတွင်း မော်တော်ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်နေမှု၊ PDI TESTING AREA အတွင်း ထုတ်လုပ်ပြီးယာဉ်များအရည်အသွေးစစ်ဆေးမောင်းနှင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး ပြည်နယ်ဝန်ကြီးချုပ်က တပ်ဆင်ထုတ်လုပ်ပြီးသည့်ယာဉ်များအား ဈေးကွက်သို့လျှင်မြန်စွာတင်ပို့ရောင်းချနိုင်ရေး ကူညီ ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အတွင်း Thai Fashion Footwear Production & Trading Co.,Ltd ၏ Thai Fashion ရာဘာညှပ်ဖိနပ်စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူဦးဝေယံထွန်းက စက်ရုံတည်ဆောက်မှုအခြေအနေ၊ စက်ပစ္စည်းတင်သွင်းမှုနှင့်ထုတ်လုပ်မည့် ကုန်ချောဖိနပ်များတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံအမြန်ဆုံးတည်ဆောက်ပြီးစီး လည်ပတ်နိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက် အကူပြုနိုင်ရန် ဘားအံစက်မှုဇုန်အတွင်းရှိ ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ်လယ်ယာသုံးစက်ပစ္စည်းတပ်ဆင် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းမင်းခိုင်စိုးက စက်ရုံအတွင်းလယ်ယာသုံးပစ္စည်းအမျိုးမျိုးတပ်ဆင် ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံအတွင်း Engine Assembly Line တွင် ကူဘိုတာအင်ဂျင်များ တပ်ဆင်ထုတ်လုပ်နေမှု၊ Laser Cutting Machine (လေဆာသံဖြတ်စက်)ဖြင့် သံပြားများအားပုံသွင်း ဖြတ်တောက်နေမှု၊ ၊ AImega (စက်ရုပ်လက်)ဖြင့် လက်တွန်းထွန်စက်၏ တွဲဖက်ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်မှုနှင့် ထုတ်လုပ်ပြီးလယ်ယာသုံးပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ယခုထုတ်လုပ်သည့် လက်တွန်းထွန်စက်နှင့် လယ်ယာသုံးပစ္စည်းများသာမက ထွန်စက်ကြီးများအထိ တိုးတက်ထုတ်လုပ်၍ တောင်သူလယ်သမားများ အားကိုးအားထားပြုရသည့် စက်ရုံတစ်ခုအဖြစ် ရပ်တည်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွား စေလိုကြောင်း မှာကြားခဲ့ပါသည်။















