ဘားအံ - ဇူလိုင် (၉)
တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၅/၂၀၂၆) ဖွင့်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံပညာရေးဒီဂရီကောလိပ်၊ သီရိခန်းမ၌ ကျင်းပရာ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ဆရာမ(၈၄)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများအနေဖြင့် ဆွေးနွေးပွဲ ကို အောင်မြင်ပြီးမြောက်အောင် တက်ရောက်ဆွေးနွေး၍ မိမိတာဝန်ကျရာဒေသသို့ ပြန်ရောက်သည့်အခါ မိမိတို့၏တိုင်းရင်း သားကလေးသူငယ်များကို စာရိတ္ထဏ္ဍိုင်ဖွံ့ဖြိုးသော၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးတတ်သော၊ ဂါရဝတရားကိုင်းရှိုင်း တတ်သောသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများအတွက် ငွေကျပ် (၁၆)သိန်း (၈)သောင်းကို ပေးအပ်ချီးမြှင့်ပြီး ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြကာ တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါဆွေးနွေးပွဲကို (၂၆)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကရင်ပြည်နယ်အတွင်း ကျောင်းနေအရွယ်ကလေးငယ်များအား အင်အားဖြည့်စွက်စာ နွားနို့နှင့်ကြက်ဥတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့၊ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၂)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ ၃၈၇ ဦးတို့အား အင်အားဖြည့်စွက်စာ နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြပါသည်။















