ဘားအံ - ဇူလိုင် (၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုး သမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ကရင်ပြည်နယ်ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ ရွက်ပုန်းသီး အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ အမျိုးသား၊အမျိုးသမီး အသင်း(၇) သင်းစီ ပိုက်ကျော်ခြင်းအားကစားသမားပေါင်း ၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့နယ်အသီးသီးမှပြိုင်ပွဲ ဝင်အားကစားသမားများအနေဖြင့် မိမိတို့မြို့နယ်အသင်း အောင်မြင်မှုရရှိနိုင်ရန်အတွက် အားကစားစိတ်ဓာတ်ပြည့်ဝစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ အားကစားသမားကောင်းပီသစွာဖြင့် သတ်မှတ်ထားသည့် စည်း မျဉ်း/စည်းကမ်းများနှင့် ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစား ကြရန်တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ပိုက်ကျော်ခြင်းအားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်၍ ပိုက်ကျော်ခြင်းအသင်း တစ်သင်းလျှင်ငွေကျပ်သိန်း(၂၀)ကို ချီးမြှင့်ပေးအပ်ခဲ့ကြကာ ပြိုင်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး ပြိုင်ပွဲအားစတင်ကျင်းပရာ အဖွင့်ပွဲစဉ် အနေဖြင့် ဘားအံမြို့နယ်အသင်းနှင့်ကော့ကရိတ်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဇွဲကပင်အားကစားရုံပရိဝုဏ် အတွင်း/အပြင် သန့်ရှင်း သာယာလှပရေးနှင့် ဇွဲကပင်အားကစားရုံအနောက်ဘက်တွင် ဇွဲကပင်အဆင့်မြင့်ရေကူးကန်(ဒိုင်ဗင်ကန်အပါ) ၃၈၀ပေ x ၁၄၀ပေ တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင် ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။
အဆိုပါ ဇွဲကပင်အဆင့်မြင့်ရေကူးကန်တွင် ခေါင်မိုးပါ ၇၅ ပေ ပတ်လည် ၁၀ လမ်းသွား ဒိုင်ဗင်ကန်၊ အလျား ၁၅၀ ပေ x အနံ ၇၅ ပေ x အနက် ၆ ပေရှိရေကူးကန်၊ ဘေးပတ်လည် လျှောက်လမ်း၊ အဝတ်လဲခန်း၊ ပွဲကြည့်စင်၊ စားသောက်အနားယူအပန်းဖြေနိုင်ရန် ဈေးဆိုင်ခန်းများ ပါဝင်မည်ဖြစ်ပါသည်။















