ဘားအံ - ဇွန် (၁၂)
၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ) ရောဂါဗေဒဌာန သွေးလှူဘဏ်တွင်ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့် ဦးစီး၍ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ဘားအံခရိုင်ဦးစီးမှူးရုံး၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး၊ ဖာပွန်၊ ကော့ကရိတ် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သွေလှူဒါန်းကြမည့်ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်နေမှု၊ သွေးလှူဒါန်းရန် ကိုက်ညီသူများက ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် သွေးသန့်များဖောက် ထုတ်လှူဒါန်းပေးနေမှု များကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ အာဟာရ ဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာန သွေးလှူဘဏ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ လှူဒါန်းသော သွေးသန့်များ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်တို့၏ သွေးလှူဘဏ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါသွေးလှူဒါန်းပွဲတွင် ဝန်ထမ်း ၄၉ ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။















