ဘားအံ - ဇွန် (၁၀)

            လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဘားအံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လမင်းစီမံ ချက်ဖြင့် အခြေခံပညာကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မှု၏အရေးပါမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ကတ်များစနစ်တကျကိုင်တွယ်ထိန်းသိမ်းရန်လိုအပ်မှုနှင့် ပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ သိရှိလိုက်နာ ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်က လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက် ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဘားအံမြို့နယ်ဦးစီးမှူးရုံးမှဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကျောင်းသား၊ကျောင်းသူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၈)နှစ်နှင့်အထက်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင် လ ၃၁ ရက်နေ့ထိလည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိကို လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကိုလည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကာ ယနေ့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းသား၊ကျောင်းသူ(၂၅၂)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ဝေ သော အမျိုးသားမှတ်ပုံတင်နှင့် eID ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကာ ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များဆောင်ရွက် ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။