ဘားအံ - ဇွန် (၄)

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရှုံးပွဲမရှိအနိုင်ရ ဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်ဘောလုံးအသင်းသည် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘောလုံးအားကစားဝါသနာရှင်များ၊ ဒေသခံပြည်သူ များက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သိပ္ပံနှင့် သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့သူမြို့သားများ၊ အားကစားဝါသနာရှင်များက  သံလွင်တံတားအဆင်း ဘားအံမြို့အဝင်မုခ်ဦး၌ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ အားကစားသမားများအား အတီး၊အမှုတ်၊အက၊အခုန်များဖြင့် ပန်းကုံးစွပ်၍ အောင်သပြေခက်ကမ်းပြီး ပျော်ရွှင်စွာဂုဏ်ပြု ကြိုဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် (၂)နှစ်ဆက်ချန်ပီယံအောင်ပွဲရ ကရင်ပြည်နယ်အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ တံခွန်စိုက်ဆုဖလားကြီးကို ရယူပေးခဲ့ သည့်အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ရသည့်အခမ်းအနားမျိုးကို ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြိမ်ပေါင်း များစွာကျင်းပခွင့်ရရှိလိုပြီးအထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ဘောလုံးတံခွန်စိုက်ဆုဖလားကြီးကိုကရင်ပြည်နယ်ဇွဲကပင် တောင်အရိပ်အောက်တွင်နားခိုနိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားခဲ့ကြသည့် အသက်(၁၈) နှစ်အောက်အမျိုးသားဘောလုံး အသင်းအုပ်ချုပ်မှုအဖွဲ့၊ အားကစားသမားများနှင့် လိုအပ်သည်များ ဖြည့်ဆည်းကူညီပေးကြသော အားကစားဝါသနာရှင်များ အားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

            ယင်းနောက် အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းက တံခွန်စိုက်ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုငွေကျပ် သိန်း(၃၀၀)ကို ပေးအပ်ချီးမြှင့်ပြီး ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ ဘောလုံးအားကစားဝါသနာရှင်များက စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀၀၀၀၀၀၀ဝိ/(သိန်းတစ်ထောင်ကျပ်)ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ အသင်းအုပ်ချုပ်သူတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ပွဲရအားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကာ  အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းသည် တံခွန်စိုက်ဆုဖလားနှင့်အတူ ဘားအံမြို့အတွင်း လှည့်လည်အောင်ပွဲခံကြရာ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။