ဘားအံ - ဖေဖော်ဝါရီ (၂၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူ များနှင့်အတူ  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့်(Grade-5)နှင့် အလယ်တန်းအဆင့်(Grade-9) တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်  ဖြေဆိုနေမှုကိုကြည့်ရှုအားပေးပြီး အခန်းစောင့်ဆရာ၊ဆရာမများ၊ ကြီးကြပ်ဆရာ၊ဆရာမများအနေဖြင့် စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းသား၊ကျောင်းသူများ စာမေးပွဲပြီးဆုံးသည်အထိ စိတ်အေး ချမ်းသာစွာဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုရန်ပျက်ကွက်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘားအံမြို့နယ်အတွင်း (Grade-5) ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူ ၉၇၇၁ ဦး၊ (Grade-9) ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူ ၁၄၆၂ ဦးရှိပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် (Grade-5) ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူ ၁၃၅၉၈ ဦးနှင့် (Grade-9) ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူ ၃၂၉၉ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

                ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပ သည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မေးခွန်/အဖြေလွှာများ သယ်ယူပို့ဆောင် သိမ်းဆည်းထားရှိမည့်အခြေအနေ၊ ဖြေဆို နေစဉ်ကာလအတွင်း လုံခြုံရေးဆောင်ရွက်မည့်အစီအမံ၊ ရပ်ဝေးကျောင်းသားကျောင်းသူများ တည်းခိုနေထိုင်စားသောက် ရေး၊ ရေ၊ မီး၊ မိလ္လာပြည့်စုံမှုရှိစေရေး၊ ဖြေဆိုနေစဉ်ကာလအတွင်း လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့် ရှောက်မှုဆောင်ရွက်ပေးမည့်အပိုင်း၊ ဖြေဆိုစဉ် အကြို-အပို့ယာဉ်နှင့် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မည့်အစီအမံ၊ မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များပေါ်ပေါက်လာပါက အရေးပေါ်စီမံချက်များရေးဆွဲထားရှိမှုနှင့် စာစစ်ဌာနရှိသည့် ခရိုင်၊မြို့နယ်များအနေဖြင့် လုံခြုံရေးမှအစ ဆောင်ရွက်မည့်အစီအစဉ်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက စာစစ်ဌာနအလိုက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ကျောင်းသူများ စာရင်းပေးသွင်းထားမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်မည့်အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင် ရာများက လုံခြုံရေး၊ မီးဘေးအန္တရာယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပျက်တောက်မှု မရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများက သက်ဆိုင်ရာခရိုင်များအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် အခြေ အနေ များကို ရှင်းလင်းတင်ပြကြသည်။

            ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။