ဘားအံ - ဖေဖော်ဝါရီ (၁၇)
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင်ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းများဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများ အနေဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် တက်တက် ကြွကြွသင်ယူကြရန်နှင့် သင်တန်းပြီးဆုံးပါက သင်ယူရရှိခဲ့သည့် အသိ ပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားကိုယ်စားလှယ် များထံ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၂၀)ဦး၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ (၂၀) ဦး၊ အခြေခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းတွင် သင်တန်းသား(၂၀) ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၆၀)ဦးတက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် သက်ဆိုင်ရာ သင်တန်းခန်းမများအတွင်း ဘာသာရပ်များအလိုက် ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။















