ဘားအံ - ဇန်နဝါရီ (၂၃)

            ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရန် နှင့်အရည်အသွေးပြည့်ဝသည့်သက်ရှည်ကျန်းမာသောဘဝကိုရရှိပိုင်ဆိုင်နိုင်စေရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်ကုသရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ အထူးကုသမားတော် ကြီးများက ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

            ထိုသို့ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန မှူးဒေါက်တာကျော်စွာမြင့်၊ ကုတင်(၃၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး(ဘားအံ)မှဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်တို့က အနီးကပ်ကြီးကြပ်၍ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)မှ အထွေထွေရောဂါအထူးကုသမားတော်ကြီးများဖြစ်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ အရိုးခွဲစိတ်ဆရာဝန်ကြီး၊ မျက်စိအထူးကု၊ နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး၊ အရေပြားရောဂါအထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းတိုက်အသီးသီးမှ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သီလရှင်ဆရာ ကြီးများအား ဓာတ်ခွဲနှင့်ဓာတ်မှန်၊ တီဗွီဓာတ်မှန် (Ultrasound) နှင့် CT Scan များရိုက်ကူးစမ်းသပ်၍ အကြောအဆစ် ပြန်လည်သန်စွမ်းရေးကုသခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့်လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှု(Medical Checkup)များကိုဆောင်ရွက်ပေးရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက မွန်မြတ်သော စိတ်ထား၊ စေတနာ၊ သဒ္ဒါတရားတို့ကို အရင်းခံ၍ ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက် ပေးခြင်းကို ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများနှင့် အာဟာရဖြည့်စွက်စာများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ယနေ့ အထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို ကျောင်းတိုက်အသီးသီးမှ ထေရ်ကြီးဝါကြီးဆရာတော်ကြီး ၃၅ ပါးနှင့် သီလရှင်ဆရာကြီး ၂၂ ပါး၊ သာသနာရေးဝန်ထမ်း(၄)ဦးတို့ ခံယူခဲ့ကြပြီး လိုအပ်သည့်နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆက်လက်ခံယူခဲ့ကြကြောင်း သိရသည်။