ဘားအံ - ဇန်နဝါရီ (၂၄)
ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ၍ ပိုလျှံသည်များကို ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဘားအံမြို့နယ် သံလွင်မြစ်ကမ်းနဖူးတစ်လျှောက်ရှိကျေးရွာများနှင့် နှုန်းတင်မြေနုကျွန်းများပေါ်တွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်၊ ဆီထွက်သီးနှံ အစရှိသော ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်တိုက်နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော တစ်ကွင်း တစ်ဆက်တည်း ဆောင်းမြေပဲစိုက်ခင်း၊ ဖူးစားပြောင်းစိုက်ခင်းနှင့် တစ်ပိုင်တစ်နိုင်နွားမွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေး ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ထုံးအိုင်တိုက်နယ်အတွင်း စိုက်ပျိုးမွေးမြူထုတ်လုပ်မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်းဆွေးနွေးကာ မြေလွတ်မြေလပ်မကျန်စဉ်ဆက်မပြတ် စိုက်ပျိုး မွေးမြူထုတ်လုပ်မှသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် လိုအပ်သည့်ငွေကြေး အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ မြေနေရာ၊ စက်ပစ္စည်းနှင့် လူ့စွမ်းအားအရင်းအမြစ်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေနှင့် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ် ၅၁၀ ဒဿမ ၂၄ သန်းဖြင့် ပေ ၂၀ ကွန်ကရစ်တံတားတစ်စင်း၊ (၇)ပေအကျယ် Box Culvert (၈)စင်းနှင့် Pipe Culvert (၆)စင်း ပါဝင်သောထုံးအိုင်ကျေးရွာ၊ ထုံးအိုင်(ကမ်းနားလမ်း)ကုန်ထုတ်လမ်းအရှည် ၂ မိုင် ၂ ဖာလုံအား ၉၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လမ်းဘေးဝဲယာတစ်လျှောက်ရှိ ဂေါ်ဖီ၊ ပြောင်း၊ သခွား၊ ရုံးပတီ၊ ခရမ်း၊ ငရုတ်၊ ကြက်ဟင်းခါး၊ ဆေးရွက်ကြီးစိုက်ခင်းများကိုကြည့်ရှုအားပေးကာ သီးနှံစိုက်ခင်းများအတွင်း သွင်းအားစုနှင့် စိုက်ပျိုးရေးသုံးစက်ကိရိယာ များ လွယ်ကူစွာဝင်ထွက်သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိ သူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-တောင်သူကုန်း-ခြံကလေးကျေးရွာ ချင်းဆက်လမ်း လမ်းဘေးဝဲယာတစ်လျှောက်ရှိ အောင်မြင်ဖြစ်ထွန်းနေသော ပဲအမျိုးမျိုး၊ ဆောင်းသီးနှံ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းများအား မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုအားပေးခဲ့ကြပြီး ထုံးအိုင်တိုက်နယ်တွင် ဆောင်းသီးနှံစိုက်ဧက(၁၅၉၇၃)ဧကရှိကာ ဆီထွက်သီးနှံဆောင်းမြေပဲနှင့်အတူ စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်နှင့် ပဲ အမျိုးမျိုးတို့ကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ ဘားအံမြို့နယ်နှင့်ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။















