ဘားအံ - ဒီဇင်ဘာ (၁၇)
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ် ကွက်၊ သံလွင်မြစ်ကမ်းနားလမ်း ညမုန့်ဈေးတန်းနေရာ၌ ကျင်းပရာ ဘားအံမြို့နယ်တိုက်နယ်များနှင့်မြို့နယ်များမှ လှေလှော်အသင်း ၁၂ သင်း ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၄၉၈ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ရိုးရာလှေလှော်ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး (၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲနှင့် (၂၀) တက်လှော်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား(၃)မျိုးခွဲ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးက ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပြီး ထိုသို့ကျင်းပပေးခြင်း အားဖြင့် ပြိုင်ပွဲအတွေ့အကြုံများရင့်ကျက်၍ နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်း၊ ကျွမ်းကျင်မှုတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းမှုများရရှိကာ ထိုမှတစ်ဆင့် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ကိုယ်စားပြုထူးချွန်ထက်မြတ်သော အားကစားသမားများပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်စည်းမျဉ်း၊စည်းကမ်းဘောင် အတွင်းမှနေ၍ မိမိတို့ကိုယ်စားပြုအသင်းများအနိုင်ရရှိအောင် အားကြိုးမာန်တက် ကြိုးစားယှဉ်ပြိုင်ကစားကြစေလို ကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်လှေလှော်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ပြိုင်ပွဲဝင်လှေလှော်အသင်းတစ်သင်းလျှင် ငွေကျပ်သိန်း(၃၀)စီကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သံလွင်မြစ်အတွင်း အမျိုးသား/အမျိုးသမီး (၅)တက်လှော်နှင့်(၇)တက်လှော်ပြိုင်ပွဲများကို စတင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါလှေလှော်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကာ အနိုင်ရဗိုလ်စွဲသော အသင်းများအား ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ပါသည်။















