ဘားအံ - ဒီဇင်ဘာ (၁၄)

            ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး အားကစားပြိုင်ပွဲမှတစ်ဆင့် ဌာနအချင်းချင်း လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာ၌ ကျင်းပသည်။

            အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲနှင့်နှစ်ယောက်တွဲပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွား မည်ဖြစ်ပြီး ဌာနဆိုင်ရာများမှ အားကစားသမား ၆၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းနှင့်ယှဉ်ပြိုင်အနိုင်ယူကစားကြစေလိုပြီး အားကစား သမားကောင်းစိတ်ဓာတ်ဖြင့် မိမိတို့၏စွမ်းရည်ကို အကောင်းဆုံးပြသ၍ ကြိုးစားယှည်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် အားကစားသမားများက  အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းနှီးနွေးထွေး စွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။