ဘားအံ - အောက်တိုဘာ (၁၅)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge(SB)တို့ပူးပေါင်း၍ ကရင် ပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၄)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၄)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၃)နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၂) သင်တန်းများ ဆင်းပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်ကြားတတ်မြောက်ခဲ့သည့်ပညာရပ်များ ကို လက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး အဆိုပါပညာရပ်များကို မိမိပတ်ဝန်းကျင်တွင် ပြန်လည်ဆင့်ပွားပေးကြရန်နှင့် ကိုယ့်ရပ်ရွာ၊ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်း များတွင် တစ်ဖက်တစ်လမ်းမှပါဝင်ဆောင်ရွက်နိုင်သော တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ်ဓာတ် အစဉ်ရှင်သန်ထက်မြတ်နေ သော နိုင်ငံ့သားကောင်း အမျိုးသားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်ပြောကြားသည်။
ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းကာလအတွင်းသင်ကြားလေ့ကျင့်ဆောင်ရွက်ပေးခဲ့မှုများအား Power Point အသုံးပြုရှင်းလင်းတင်ပြပြီး Sustainabridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ခံကျောင်းအုပ်တို့က သင်တန်း ထူးချွန်ဆုရရှိသူများနှင့်သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ကြရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းအလုပ်ရုံနှင့်သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသား(၆၀)ဦးတို့က သက်ဆိုင်ရာဘာသာရပ်များကို ရက်သတ္တပတ်(၂၂) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားလေ့လာဆည်းပူးခဲ့ကြရပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များစက်မှု လက်မှုပညာသင်တန်းကျောင်း(ဘားအံ)အနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များအတွက် သင်တန်းစုစုပေါင်း (၄၉) ကြိမ်မှ တိုင်းရင်းသားလူငယ်(၁၀၄၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၈၁)ရာခိုင်နှုန်းမှာ အလုပ် အကိုင်ရရှိ၍ နယ်ပယ်ဒေသအသီးသီးတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများတွင် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီး ကြပ်မှုကော်မတီမှ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(၁၁)ခုသို့ အမှိုက်ပုံးကြီး(၂၂)ပုံးအား လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ကအမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်းတောင်၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ ခရီစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(၁၁)ခုသို့ ငွေကျပ် (၂၄)သိန်း(၅)သောင်းတန်ဖိုးရှိ အမှိုက်ပုံး ကြီးများကို လွှဲပြောင်းပေးအပ်ခဲ့ကြရာ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။