ဘားအံ - အောက်တိုဘာ (၁)
ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းစာရင်းကောက်ယူနေကြပြီဖြစ်ရာ ယနေ့နံနက် ၇ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာဝင်းအတွင်းရှိ ပြည်နယ်ဝန်ကြီးချုပ် ၏နေအိမ်မှစတင်၍ စာရင်းကောက်အဖွဲ့များက သန်းခေါင်စာရင်းကို စတင်ကောက်ယူကြသည်။
စာရင်းကောက်အဖွဲ့များက ပြည်နယ်ဝန်ကြီးချုပ်နှင့်မိသားစုဝင်များအား လူဦးရေနှင့်အိမ်အကြောင်းအရာ ဆိုင်ရာမေးခွန်းများမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်မိသားစုဝင်များက မေးခွန်းများကို ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၆) ပြည်ထောင်စုရပ်ကွက်၊ အမှတ်(၉)ဇွဲကပင်ကုန်းရပ်ကွက်၊ အမှတ်(၅)ဇွဲမာန်လွင်ရပ်ကွက်တို့တွင် စာရင်းစစ်၊စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မေခွန်းများမေးမြန်းကွင်းဆင်းစာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးရာ သက်ဆိုင်ရာရပ်ကွက်များအလိုက်တာဝန်ရှိသူများက မိမိတို့ရပ်ကွက်ရှိ ကောက်ကွက်များအလိုက် စာရင်းစစ်၊ စာရင်း ကောက်များက ကွင်းဆင်းစာရင်းကောက်ယူနေမှု၊ ပြည်သူများနားလည်သဘောပေါက်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု၊ ဟန့်တားနှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နှင့် စာရင်းကောက်လုပ်ငန်းများအောင်မြင်ရေးအတွက် လုံခြုံရေးလိုက်ပါ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးပြီး ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ထိ တစ်နှစ်အတွင်း အမှုကြီးဖြစ်ပွားမှု၊ အခြားအမှုဖြစ်ပွားမှုနှင့် ကြိုတင်ကာကွယ်မှု စုစုပေါင်း ၇၄၆ မှု၊ မူးယစ်ဆေးဝါးမှု ၁၆၄ မှုတို့တွင် ပြစ်မှုကျူးလွန်သူ ၆၃၃ ဦးအား ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှသိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ တစ်နှစ်တာအတွင်း မှုခင်းများဖေါ်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင် ရွက်နေမှုများသည် ယခင်နှစ်များထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဉာဏ်ဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်၊ ရဲချုပ်၏သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထူးချွန်ဆုရရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ရဲတပ်ဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံ များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။