ဘားအံ - ဇူလိုင် (၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီက ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊သင်တန်းသူများအတူ အထူးနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

            ထိုသို့ နေလည်စာသုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြတ်သည့် အနာဂတ်နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးကြမည့် ဆရာ၊ဆရာမလောင်းလျာများကို အသိအမှတ် ပြုတန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လည်စာကို အတူတကွလာရောက်သုံးဆောင်ခြင်းဖြစ်ကြောင်း၊ အနန္တဂိုဏ်းဝင် ဆရာ၊ဆရာမများဖြစ်လာကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ထားရှိရမည့်ယုံကြည် ချက်၊ခံယူချက်များခိုင်မာမှန်ကန်စေရေး သင်တန်းကာလတွင်ကျင့်ကြံအားထုတ်လေ့ကျင့်ကြရမည်ဖြစ်ပြီး မိမိတာဝန် ယူသင်ကြား‌ပေးရမည့် ကျောင်းသား၊ကျောင်းသူလေးများအား စာပေတစ်ခုတည်းသာမက လိမ္မာရေးခြားရှိစေရေး၊ ဘက်စုံထူးချွန်သူများဖြစ်လာစေရေးကို လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ယခုမှစ၍ ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းလိုကြောင်း၊ တည်ဆဲဥပဒေ၊ကျင့်ဝတ်၊စည်းကမ်းများကိုလိုက်နာ၍ ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်း ကောင်းဘဝကို ခံယူကြစေလိုကာ အစဉ်အမြဲသင်ယူလေ့လာနေမည့် Life-Long-Learner ဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကျောင်းပိတ်ကာလတွင် နေရပ်သို့မပြန်နိုင်သော သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ်(၁၅)သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ ၆၇၄ ဦး၊ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ နည်းပြဆရာ/ဆရာမများနှင့်အတူ အထူးနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

            ထိုသို့ အထူးနေ့လည်စာသုံးဆောင်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက လိုက်လံကြည့်ရှု၍အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ ကြောင်း သိရသည်။