ဘားအံ - မတ် (၂၅)

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်းဆရာတော်ဘဒ္ဒန္တခန္တီဝဏ္ဏ၊ ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ကျောင်းဆရာတော်ဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ထေရ်ကြီးဝါရ်ကြီးဆရာတော်ကြီးများနှင့် ဘွဲ့ခံ ဆရာတော်/သီလရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာတော်ကြီးများ၏တပည့်၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

            ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနားသီချင်းဖြင့် ဘွဲခံဆရာတော်များအားပူဇော်ကာ နိုင်ငံတော်ဩဝါဒါစရိယ လှိုင်းဘွဲမြို့နယ်၊ ဥဒေါင်းကျောင်းဆရာတော် ဘဒ္ဒန္တခန္တီဝဏ္ဏထံမှ (၈)ပါးသီလခံယူဆောက်တည်ကြသည်။

            ထို့နောက် ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇက သမ္မောဒနိယဩဝါဒကထာကို မြွတ်ကြားချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ဆရာတော်၊ သံဃာတော်အရှင်သူမြတ် များ ရွတ်ပွားသရစ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီး ချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက ကြွရောက်ချီးမြှင့်တော်မူသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေ များဆက်ကပ်လှူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မြဝတီမြို့၊ မြသုခ(၂၇၅) တပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တပညာနန္ဒထံ ဘွဲ့တံဆိပ်၊အဆောင်အယောင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်း ကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒရထံ ဘွဲ့တံဆိပ်၊အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သံတောင်မြို့ မြို့တော်ဦးထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်း အောင်က သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးညီညီဇော်က သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကံ့ကော်တစ်ထောင် သိဒ္ဓိအောင်ဘေးမဲ့ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသိဒ္ဓိထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ကမ္မဌာနစရိယဘွဲ့တံဆိပ်ရ မြဝတီမြို့နယ်၊ တေဇစက္ကီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းဘေဘီမြင့်က ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်ရ မြဝတီမြို့နယ်၊ ပုညာ ရာမသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီးဒေါ်ဩဘာသီထံ ဘွဲ့တံဆိပ်၊အဆောင်အယောင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်း များကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် မြဝတီမြို့နယ် မြသုခ(၂၇၅)တပ်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ကြွရောက်ချီး မြှင့်တော်မူသော အထူးပင့်သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့်ဘွဲ့ခံသီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

            ယင်းနောက် ဗုဒ္ဓဘာသာဝင်တို့၏ အလှူပေးခြင်းအစဉ်အလာကို အမွေခံရန်၊ ရဟန်း၊ သာမဏေ၊ သီလရှင်များ နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဆရာ၊ဒကာညီညွတ်မျှတစွာဖြင့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်၊ သာသနာတော် စည်ပင်ပြန့်ပွားရေးကို ချီးမြှင့်ထောက်ပံ့နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မွန်းလွဲ ၃ နာရီခန့်က အဆိုပါစေတီ တော်တည်နေရာ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်၎င်းတို့၏မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာနွယ်ဝင်စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသော ဘားအံမြို့ပေါ်ရှိဘုန်းတော်ကြီး ကျောင်း ၅၃ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၈၁၅ ပါး၊ သီလရှင်ကျောင်း ၁၄ ကျောင်းမှ သီလရှင် ၅၆၈ ပါး စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၂၃၈၃ ပါးတို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြပြီး ထိုသို့ ဆရာဒကာစုံလင်စွာဖြင့် ခြိမ့်ခြိမ့်သဲသဲ ဆွမ်းဆန်စိမ်းလောင်းလှူနေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီခန့်က ဘားအံမြို့မဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ကျက်သရေဆောင်သမိုင်းဝင်ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး အများပြည်သူစိတ်အေးချမ်းသာစွာပါဝင်ဆင်နွှဲနိုင်ရေး မိမိတို့အစိုးရအဖွဲ့မှ အဘက်ဘက်မှ ကြိုပမ်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းရင်းသားမိဘပြည်သူများအနေဖြင့် လည်း မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပျော်ရွှင်အေးချမ်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့မဘောလုံးကွင်းအတွင်း ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များမှ မိဘပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းစတုဒိသာမဏ္ဍပ်  ၄၅ ခုမှ ဆနွင်းမကင်း၊ ဟာလဝါ၊ မုန့်ထန်းလိမ် အစရှိသော မြန်မာမုန့်အမျိုးမျိုး၊ ပဲနို့၊ မုန့်လက်ဆောင်း အစရှိသော အချိုရည်အမျိုးမျိုး၊ မုန့်ဟင်းခါး၊ လက်ဖက်ထမင်း အစရှိသော စားဖွယ်အမျိုးမျိုး၊ ဗူးသီးကြော်၊ ကြာဇံကြော် အစရှိသော အကြော်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်းခင်ဧည့်ခံမှု၊ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများမှ စတုဒိသာလာရောက်သုံးဆောင်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြပြီး တစ်ချိန်တည်းတွင်ဝန်ကြီးဌာနအလိုက်မီးပုံးပျံလွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြကာ တည်ခင်းဧည့်ခံ သော အစားအသောက်များကိုသုံးဆောင်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

            ဘားအံမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို အာရုံဆွမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ မသိုးသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ ကျင်းပခြင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများကျင်းပခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘွဲ့ခံဆရာတော်ကြီးများအား ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဧည့်ပရိတ်သတ်များအား စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်းနှင့် စင်တင်တေးဂီများဖြင့်ဖျော်ဖြေခြင်းတို့ဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ရာ အများပြည်သူစိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။