ဘားအံ - မတ် (၂၁)
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ် အစိုးရ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောက်လုပ်သော ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန GYM နှင့် စားပွဲတင်တင်းနစ် အားကစားခန်းမ(၈၀ပေ x ၆၀ပေ) RC နှစ်ထပ်အဆောက်အဦဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက် နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး ပြည်နယ်ဖူဆယ်အားကစားခန်းမရှေ့ရှိ အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်များလေ့ကျင့်ကစားနိုင်ရန်အတွက် စားပွဲတင် တင်းနစ်ခုံများနှင့် GYM လေ့ကျင့်ရေးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး တက္ကသိုလ်ပရဝုဏ်နှင့် မနီး မဝေးတွင်တည်ရှိသည့်အတွက် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း လွယ်လင့်တကူကစားသွား နိုင်မည်ဖြစ်သည့်အပြင် မျိုးဆက်သစ်အားကစားသမားများလည်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စားပွဲတင်တင်းနစ်နှင့် GYM ခန်းမ RC နှစ်ထပ်အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ ပြည်နယ် GYM နှင့် စားပွဲတင်တင်းနစ်အားကစားခန်းမ အတွင်း လူငယ်များ လေ့ကျင့်ကစားနေမှုနှင့် အဆိုပါအဆောက်အဦးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ နေပြည်တော်တွင် သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ခရစ်ကတ်အသင်းအား လက်ခံတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ခရစ်ကက် အမျိုးသား/အမျိုးသမီးအသင်း အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အနေဖြင့် ပထမဦးဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှုနည်းပါးသေးသည့် အားကစားနည်းတစ်နည်းဖြစ်သော်လည်း ကြိုတင်ပြင်ဆင် လေ့ကျင့်မှုအားကောင်းသည့်အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ကရင်ပြည်နယ်ခရစ်ကက်အားကစားသမားအနေဖြင့် ကောင်းမွန်စွာကြိုတင်လေ့ကျင့်ထားမှုအပေါ် ယုံယုံကြည်ကြည်၊ ရဲရဲရင့်ရင့်ဖြင့် ကရင်ပြည်နယ်အတွက် အကောင်းဆုံးနှင့်အအောင်မြင်ဆုံးဖြစ်အောင် ပြည်နယ်၏ဂုဏ်ကို ခရစ်ကက် အားကစားနည်းဖြင့် မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်အောင်ကြိုးစားယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ခရစ်ကက်အသင်းထံသို့ အောင်နိုင်ရေးအလံနှင့် ငွေကျပ် (၁၀)သိန်းကိုထောက်ပံ့ပေးအပ်ပြီး ခရစ်ကက်အားကစားဝါသနာရှင်များနှင့်စေတနာရှင်များက ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ် ခရစ်ကက်အမျိုးသား/အမျိုးသမီး အသင်းမှ အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားများပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။