ဘားအံ - မတ် (၂၀)
ကရင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားလာစေ ရန်နှင့် အပြန်အလှန်နားလည်မှုတိုးပွားကာ မိမိပြည်နယ်အကျိုးအတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဘောလုံးအသင်း၊ ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဘောလုံးအသင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဘောလုံးအသင်း၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ဘောလုံး အသင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်း စုစုပေါင်းဘောလုံးအသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဖလားချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစား အသင်းများအနေဖြင့် မိမိတို့ကိုယ်စားပြုသည့်အသင်းများ၏ဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်းမှ တရားသောယှဉ်ပြိုင်ခြင်းဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ယခုချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမှတဆင့် ကရင်ပြည်နယ်သူ၊ပြည်နယ်သားများ နှလုံးသားချင်းနီးသထက်နီးကာ ကရင်ပြည်နယ်အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ က အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)ဘောလုံးအသင်းနှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှု အားပေးခဲ့ကြကာ အဆိုပါပွဲစဉ်တွင် BGF ဘောလုံးအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော အခြေခံပညာနှင့်စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း(ဒုံရင်း)၏ (၁၁၄ပေ x ၃၂ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို နံနက် ၈ နာရီခန့်က အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသင်ဘာသာရပ်များ သာမက အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များပါ သင်ကြားခွင့်ရရှိနေပြီဖြစ် သည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံဘဲ တက်ရောက်ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အလံများပေးအပ်၍ တာဝန်ယူတည်ဆောက်သည့် လင်းသူအောင်ကုမ္ပဏီမှ ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးတို့က ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အဆိုပါအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ထပ်ကျောင်းဆောင်သစ် ကမ္ဗည်းကြေးပြားအား အမွှေး နံ့သာရည်များပက်ဖြန်း၍ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည် များမှာကြားကာ ကျောင်းဝန်းအတွင်းရှိဟင်းသီးဟင်းရွက်ပဒေသာစိုက်ခင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။