ဘားအံ - မတ် (၁၉)
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် အနန္တာမြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့်လမ်းသည် ကရင်-မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင်အဖြောင့်လမ်းအားချိတ်ဆက်ထားသည့်လမ်းဖြစ်သည့် အတွက် ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းဖြစ်ပြီး ကျေးလက်ထုတ်ကုန်များကုန်ကျစရိတ် သက်သာစွာဖြင့်ဈေးကွက်သို့အမြန်ဆုံးရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအဆင်ပြေချောမွေ့၍ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ချောမွေ့ ၍ မိသားစုတစ်ဦးချင်းဝင်ငွေများတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြား ရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သောကော့ဒိုက်ပြင်-ကော့မူးသွေကွန်ကရစ်လမ်းသစ်သည်စုစုပေါင်းလမ်းအရှည်(၁)မိုင်(၃)ဖာလုံ ရှိသည့်အနက် မူလကွန်ကရစ်လမ်း(၂)ဖာလုံရှိပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၅၂၇ ဒဿမ ၅၄၉)သန်းဖြင့် အနန္တာမြေကုမ္ပဏီမှ မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းအပါအဝင် (၁၄)ပေအကျယ် ကွန်ကရစ် လမ်း(၁)မိုင်(၁)ဖာလုံနှင့် ပေ(၂၀)ကွန်ကရစ်တံတားတစ်စင်းအား တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၄၄၂)အိမ်နှင့်လူဦးရေ(၂၀၁၅)ဦးကို အကျိုးပြုစေမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရှိရပါသည်။