ဘားအံ - မတ် (၁၄)
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုယ်ဝန်ဆောင်များနှင့်ကလေးသူငယ်များ အာဟာရပြည့်ဝ စွာစားသောက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အပံ့ပေးနိုင်ရန်အပြင် ကောင်းမွန်ပြီးစနစ်ကျသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အာဟာရပြည့်ဝစွာစားသောက်နိုင်ရေးအတွက် အသုံးပြုရန်၊ ကိုယ်ဝန်ဆောင်စဉ်နှင့်ရှေးဦးကလေးဘဝအတွက်စနစ်တကျရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို နီးစပ်ရာကျန်းမာရေးဆေးပေးခန်းနှင့် ဒေသန္တရဆေးခန်းများတွင် ခံယူကြရန်တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၃၀၀၀)ဦးနှင့်အသက်(၂) နှစ်အောက်ကလေး(၃၃၇၆)ဦးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ထောက်ပံ့ငွေ ကျပ် ၉၅ ဒဿမ ၆၄ သန်းအား ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်ထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၆၅၉)ဦးနှင့် ၎င်းတို့ မှ မွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးငယ်(၁၈၆၉)ဦးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ထောက်ပံ့ငွေ ကျပ် ၅၂ ဒဿမ ၉၂ သန်းအား ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးထင်ထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသော ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေကျပ် ၁၅၀၀ဝိ/စီနှင့် အာဟာရဖြည့်စွက်စာများကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက်လာသောကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြပါသည်။