ဘားအံ - မတ် (၁၁)

            ၂၀၂၄ ခုနှစ် ၊ မတ်လ ၁၁ ရက်နေ့ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ် ဝင်စာမေးပွဲကို စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၂၅၂ ဦးမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ ၃၂၄ ဦး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူများအားမှာကြားကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန် မြို့နယ်တို့၌ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ၂၃၉၆ ဦး ရှိသည့်အနက် စုစုပေါင်းစာစစ်ဌာန ၁၁ ခုတွင် ၂၁၈၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၁ ဒဿမ ၀၇ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။