ဘားအံ - ဖေဖော်ဝါရီ (၂၄)

            ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးအတွင်း တည်ထားကိုးကွယ် တော်မူသော ဆုတောင်းပြည့်ကောင်းမှုတော်စေတီတော်မြတ်ကြီးအား ထီးတော်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူး တော်နှင့်ငှက်မြတ်နားတော်အသစ်တင်လှူပူဇော်သည့်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့နံနက်ပိုင်းက အဆိုပါဘုရားကြီးဂန္ဓကုဋီတိုက်အတွင်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယဇွဲကပင်တောင်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓမ္မကထိကဗဟုဇနဟိတဓရသီရိပျံချီဘဒ္ဒန္တကဝိဓဇ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တောင် ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာကမ္မာဌာနာစရိယ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

            ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရသီရိပျံချီဘဒ္ဒန္တကဝိဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်  အရှင်သူမြတ်များရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မတည်အလှူရှင်အောင်ငွေဖူးကုမ္ပဏီမိသားစုနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး စိန်ဖူးတော်အတွင်း ရတနာပစ္စည်းများ ထည့်သွင်းလှူဒါန်းကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မတည်အလှူရှင်အောင်ငွေဖူးကုမ္ပဏီမိသားစုတို့က အလှူရှင်များ ကိုယ်စားစိန်ဖူးတော်အား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မာဌာနာစရိယ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်ထံ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘုရားကြီးက ဂေါပကအဖွဲ့ထံ ပြန်လည်ပေးအပ် သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ပြည်နယ်ဩဝါဒါစရိယဇွဲကပင်တောင် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓမ္မကထိကဗဟုဇနဟိတဓရသီရိပျံချီဘဒ္ဒန္တကဝိဓဇထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆရာတော်ကြီးများဦးဆောင်၍ ဆုတောင်းပြည့်ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို ယာယီမင်္ဂလာမဏ္ဍပ်သို့ ပင့်ဆောင်၍ လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

            ထို့နောက် မင်္ဂလာအချိန်တွင် ဆုတောင်းပြည့်ကောင်းမှုတော်စေတီတော် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တို့အား ဦးဆောင်ဆရာတော်များဖြစ်ကြသော ဇွဲကပင်တောင်ဆရာတော်နှင့်တောင်ကလေးဆရာတော်၊ ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မတည်အလှူရှင်ဦးလှမြင့်နှင့်ဂေါပကအဖွဲ့များက စေတီတော် အထွတ်သို့ပင့်ဆောင်၍ စုပေါင်းတင်လှူပူဇော်ကြရာ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ဂါထာတော်ကို (၃)ကြိမ်ရွတ်ဖတ်ပူဇော်ကြပြီး အမွှေးနံ့သာရည်များပတ်ဖျန်း၍ ဇိတံမေ အောင်ပြီ (၃)ကြိမ် ကြွေးကြော်ကာ ရွှေထီးတော်တင်လှူပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

            ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနား သို့တက်ရောက်လာသော ဧည့်ပရိတ်အပေါင်းတို့အား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါသည်။