ဘားအံ - ဖေဖော်ဝါရီ (၂၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျှက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန် ပစ္စည်းများကို အခါအားလျှော်စွာပို့ဆောင်ထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ပန်ဆင်၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို သက်စွန့်တာဝန်ထမ်းဆောင်နေကြ သူများဖြစ်ပြီး စဉ်ဆက်မပြတ်ပေးပို့လှူဒါန်းနိုင်ရေး ထပ်မံထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေ့တန်းစစ် မျက်နှာများတွင် တာဝန်ထမ်းဆောင်နေကြသူများအားလုံး အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရရှိနိုင်ကြပါစေကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းရောက် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော ငါးပိဗာလချောင်ကြော်၊ ငါးခြောက်ကြော်၊ အသားတုကြော် ဗူးပေါင်း ၃၃၀၀ ကျော်ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးထံ ထောက်ပံ့ပေးအပ်ရာ ဒုတိယတိုင်းမှူးက လက်ခံရယူပြီး တိုင်းပြည်တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ် မတော်သားများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင် နေကြသည့်ရှေ့တန်းရောက်တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော အစားအစာများပေးပို့လှူဒါန်းနိုင်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရိပ်သာ၌ ငါးပိ၊ ငါးခြောက်၊ ငရုတ်၊ ကြက်သွန်၊ အသားတုအစရှိသည့် စားသောက် ကုန်ပစ္စည်းများအား ကြော်လှော်ချက်ပြုတ် ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။