ဘားအံ - ဖေဖော်ဝါရီ (၁၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်နှင့် ဖာပွန်မြို့နယ်၊ကမမောင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)လမ်း (၁၀ ကီလိုမီတာမှ ၁၇ ဒဿမ ၅ ကီလိုမီတာ)ထိ ၇ ဒဿမ ၅ ကီလိုမီတာအရှည်အား (၁၂ ဒဿမ ၂ မီတာ)အကျယ် မြေသားတာဘောင် ချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်ညိုက လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းနယ်နှင့်မလွတ်ကင်းသည့်အပိုင်းများ တွင် လမ်းနယ်နမိတ်အပြည့်ရရှိရေးဆောင်ရွက်ရန်၊ တက်နိုင်သမျှ အပင်များမခုတ်လဲဘဲ ကျန်ရှိသည့်လမ်းပိုင်းများတွင် လမ်းတာဘောင်တိုးချဲ့ရန် မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးငူ နန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများလျှောက်ထားတင်ပြပြီး ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ၊ မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင်မိသားစုများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးထောက်ပံ့ရန်ပုံငွေ ကျပ်(၃၀)သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လင်းလွန်းမြိုင်ရပ်ကွက်တွင် သံလွင်မြစ်မှမြစ်ရေတင်စနစ်ဖြင့်ဆောင်ရွက်မည့် မြိုင်ကြီးငူအထူး ဒေသရေရရိရေးလုပ်ငန်း ဂါလန်(၁၀၀၀၀၀)ဆံ့ ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ် ပြည်နယ်ဦးစီးမှူးဦးကျော်စွာဦးက ရေလှောင်ကန်၊ ရေစစ်ကန် တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ ရွှေမြတ်မျိုးကြွယ် (အုန်းတော) ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တခေမိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ကမမောင်းမြို့တွင် တည်ဆောက်လျက်ရှိသော (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်း ခွင်အားသွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော်တည် ဆောက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦအားလှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ပြည်သူ့ဆေးရုံတွင် Cool Air Service ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၈၁ပေ x ၁၁၁ပေ) တိုးချဲ့ခွဲစိတ်ဆောင် ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေ အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တကုသလအား သွားရောက်ဖူးမြော်ကြည်ညို၍ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများဆက်ကပ်လှူဒါန်းကြပြီး ကိုးနဝင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့သော (၉)လစာဆန်ရိက္ခာဖိုးငွေကျပ် (၂၇၀)သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကမမောင်းမြို့တွင် လုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေး တာဝန်ထမ်းများ ဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်-ကမမောင်း-ဝါဘိုးတောလမ်း ၉၀ ဒဿမ ၅ ကီလိုမီတာ မှ ၉၁ ဒဿန ၁၂၉ ကီလိုမီတာထိ လမ်းပိုင်းအား ဝဲယာတစ်ဖက်လျှင် ၁၀ပေ အကျယ်ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီးဖိုးကလုံး-မြိုင်ကြီးငူလမ်းပေါ်ရှိ ၃၀ ပေစီအကျယ်ရှိသော နှစ်လမ်းသွားသံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

            အလားတူ ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

            ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ကျောင်းသူများ အားကစားကိုလေ့လာ လိုက်စားကစားကြစေခြင်းဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ကျင်းပပေးသည့် ပြိုင်ပွဲဖြစ်ပြီး ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏ကျောင်း၊ မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူ များဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

            အဆိုပါပြိုင်ပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ပြိုင်ပွဲဝင်အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

            ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် နည်းပညာတက္ကသိုလ်ဘောလုံးအသင်းနှင့် ကွန်ပျူတာတက္ကသိုလ်ဘောလုံး အသင်းတို့ အကြိတ်အနယ်ကြိုးစားယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် နည်းပညာတက္ကသိုလ် ဘောလုံးအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။