ဘားအံ - ဇန်နဝါရီ (၃၀)
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၈၀)ဖြင့် Flying Zipline (လူစီး Cable Slide)နှင့် ခြေနင်းအပျော်စီးရထား ဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဘားမဲတောင်သဘာဝဥယျာဉ်၌ ကျင်းပသည်။
ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များနှစ်စဉ်တိုးတက်ဝင်ရောက်လျက်ရှိရာ ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များအား ဆွဲဆောင်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဧရိယာ ၁၇ ဧက ကျယ်ဝန်းသော ဘားမဲတောင်သဘာဝဥယျာဉ်ကို ပြည်သူများအေးချမ်းစွာအနားယူအပန်းဖြေနိုင်စေရန် လုပ်ငန်း ရပ်ပေါင်း ၂၈ ခုဖြင့် သဘာဝအတိုင်းဂေဟစနစ်ကိုမပျက်စီးစေဘဲ အဆင့်မြင့်တင်ဆောင်ရွက်ခဲ့ပြီး ယနေ့ Flying Zipline (လူစီး Cable Slide)နှင့် ခြေနင်းအပျော်စီးရထား(၂)စုံကို ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဘားအံမြို့၏ ခရီသွား အမှတ်အသား(Landmark)အသစ်တစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကာ တန်ဖိုးထားဝိုင်းဝန်းထိန်းသိမ်းပေးကြစေလို ကြောင်း ပြောကြားသည်။
ဘားမဲတောင်သဘာဝဥယျာဉ်တွင် ဒေသသစ်ပင်မျိုးစိတ်ပေါင်း(၇၈)မျိုး၊ မြေယာရှုခင်းများ၊ ရေတံခွန်၊ ရေပန်း၊ ရေလွှာလျှောစီး၊ စားသောက်ဆိုင်၊ ကျောက်တုံးဥယျာဉ်၊ ကျောက်အလှစီမြေထိန်းနံရံ၊ နားနေဆောင်၊ ကားပါကင်၊ အားကစားပြုလုပ်မည့်နေရာ၊ တောင်ပတ်လမ်းများ၊ မြင်ကွင်းကြည့်စင်များနှင့် ပန်းကုံးလျှောက်လမ်းများဖြင့် စနစ်တကျ ပုံဖော်ဆောင်ရွက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စိန်ခေါ်မှုကိုဝါသနာပါသောလူငယ်များနှင့်ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်မည့် Flying Zipline (လူစီး Cable Slide)နှင့် ခြေနင်းအပျော်စီးရထား(၂)စုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူစီး Cable Slide ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား စက်ခလုပ်နှိပ်ဖွင့် လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖြန်းပေးကြပြီး ဝန်ထမ်းများက Cable Slide စီးနင်းပြသခြင်းနှင့်ကယ်ဆယ်ရေးစနစ်များသရုပ်ပြခြင်းကိုကြည့်ရှုအားပေးကာ မိသားစုအလိုက်ကလေးငယ်များမှခြေနင်း အပျော်စီးရထားကို ပျော်ရွင်စွာစီးနင်းကစားနေမှုအား လှည့်လည်ကြည့်ရှုအားပေး၍ ကလေးများကို အရုပ်နှင့်မုန့်များဝေငှ ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။















