ဘားအံ - ဇန်နဝါရီ (၂၅)
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့အစိုးရအဖွဲ့တာဝန်ယူချိန်တွင် မြို့တွင်း လမ်းများကိုကွန်ကရစ်လမ်းများအဖြစ်အသစ်ခင်းခြင်း၊ အသွားအလာများသည့်လမ်းမများကိုလမ်းသားများတိုးချဲ့ခြင်း၊ ပလက်ဖောင်းရေမြောင်းများဆောင်ရွက်ပေးခြင်း၊ ယခင်ဆောင်ရွက်ပေးသောလမ်းတံတားများကိုပြန်လည်ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း(၁၄) လမ်း၊ လမ်းအရှည်(၃မိုင်၄ဖာလုံ)၊ တံတား(၁၀)စင်း၊ ရေပေးဝေရေးနှင့်အခြားလုပ်ငန်း(၂၅)ခုကို ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ(၁၆၂၀)ကျပ်သန်းဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ လမ်း၊တံတားများ ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေး အတွက် ရပ်ကွက်သူ၊ရပ်ကွက်သားများအနေဖြင့် တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိဦးဇော်လင်းထွန်းက ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်မှုနှင့်ကွန်ကရစ်လမ်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး အမှတ်(၉)ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယနေ့ဖွင့်လှစ်သော ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်သည် ယခင်က ကတ္တရာလမ်းဟောင်းဖြစ်ပြီး လမ်းသားပျက်စီမှုများနှင့် ပြည်သူများသွားလာမှုအဆင်မပြေဖြစ်နေသည့်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၆၇ ဒဿမ ၃၀) သန်းဖြင့် လမ်းအရှည် (၁၂၁၅)ပေကို လမ်းသားအကျယ်(၁၄)ပေ၊ လမ်းသားထု(၆)လက်မကို ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့်ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကော်မတီမှကြီးမှူးဖွင့်လှစ်သည့် သက်မွေး ပညာကာလတိုသင်တန်းများဖြစ်သော မိတ်ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်းနှင့် သံဂဟေဆက်ခြင်းအတတ်ပညာသင်တန်းများဆင်းပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီက အစိုးရနည်းပညာအထက်တန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းများဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကလေးအလုပ်သမားပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး၊ ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေး၊ နည်းပညာနှင့်သက်မွေးပညာရပ်များသင်ယူနိုင်မှုအခွင့်အလမ်းများရရှိနိုင်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပေါ များလာစေပြီး တစ်ဦးချင်းဝင်ငွေပိုမိုမြင့်မားလာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်း များကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အနေဖြင့် ၂၀၁၃ ခုနှစ် မှစ၍ သက်မွေးပညာကာလတိုသင်တန်းများစတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ချိန်ထိ သင်တန်းအမျိုးအစား(၃၆)မျိုးမှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၄၉၂၃)ဦးအား သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့တက်မြောက်ခဲ့သည့်ပညာရပ်များကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက သင်တန်း(၃)မျိုးတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းအောင်လက် မှတ်များပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆင်းသင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေး ခဲ့ကြပါသည်။