ဘားအံ - ဩဂုတ် (၂၄)
၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ MSME ထုတ်ကုန်ပြပွဲများ၊ One village One product ပြခန်းများ၊ သစ်သီးဝလံပန်းမန်ပြခန်းများ၊ အထိမ်းအမှတ်အားကစား ပြိုင်ပွဲများနှင့် အခြေခံ အဆောက် အဦများဖွင့်ပွဲများ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များချီးမြှင့်ပေးအပ်ပွဲ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် စီမံခန့်ခွဲမှုဦးစီး ကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှ သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျင်းပရေးစီမံခန့်ခွဲဦးစီးကော်မတီနှင့်အထောက်အကူပြုလုပ်ငန်း ကော်မတီအသီးသီးတို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုကာ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာအစီအမံများနှင့် ကဏ္ဍအသီးသီးတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြပြီး အထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ အားကစားနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး၊ ကရင်ရိုးရာဒုံးအကအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး၊ ဈေးဆိုင်ခန်းများနေရာချထားပေးနိုင်ရေး၊ ပြခန်းများခင်းကျင်းပြသနိုင်ရေး၊ ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊ ပြည်နယ် နေ့အထိမ်းအမှတ် ပို့စကတ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းများထုတ်ဝေနိုင်ရေး၊ မှတ်တမ်းများထိန်းသိမ်းထားရှိနိုင်ရေး၊ ဂုဏ်ထူးဆောင် ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးတင်ပြကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအလိုက် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးခင်းကျင်းပြသနိုင်ရေး၊ ဒုံးအကအဖွဲ့များစေလွှတ်ယှဉ်ပြိုင်နိုင်ရေး၊ အား ကစားသမားများစေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။
ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။















