ဘားအံ - ဩဂုတ် (၁၆)

            အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များတိမ်ကောပပျောက်ခြင်းမရှိစေရေး အတွက် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ ရေရှည်အကျိုးကိုရည်မျှော်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲကြီးကိုကျင်းပလာခဲ့သည်မှာ ယခုအခါ(၂၅)ကြိမ်မြောက်ငွေရတုသို့ရောက်ရှိခဲ့ပြီး အထိမ်းအမှတ်အနေဖြင့် ဘားအံမြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ရွှေရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

            ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်လူငယ်များ ကို မှန်ကန်စွာရွေးချယ်ပြီးဖော်ထုတ်ပေးကြရန်နှင့် ဝါသနာရှင်များအားလုံးပါဝင်ယှဉ်ပြိုင်ခွင့်ရစေရေး တာဝန်ရှိသူများ က အလေးထားဆောင်ရွက်ပေးနိုင်ရန်ပြောကြားပြီး ပြိုင်ပွဲအမျိုးအစား(၄)မျိုး၌ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကျေးနယ်များကိုယ်စားပြု ပြိုင်ပွဲဝင် ၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကျပ် ၄၈၄၀၀၀ဝိ/ (လေးဆယ့်ရှစ်သိန်းလေးသောင်း)ကျပ်ကို ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများသည် အခြေခံပညာဆရာမ များ၏ မြန်မာ့မူမှန်သီချင်းဖြင့် ကပြဖျော်ဖြေမှု၊ ပြိုင်ပွဲဝင်မင်းသား၊မင်းသမီးများ၏ ရတနာပုံအကဖြင့် ကပြဖျော်ဖြေမှု၊ ဘားအံမြို့နယ်ဂီတအစည်းအရုံး၏ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ဘားအံမြို့နယ်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊  အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ(၂)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပသွားမည်ဖြစ်ကာ ကရင်ပြည်နယ်အနေဖြင့် ယခင်ကျင်းပပြီးခဲ့သည့်(၂၄)ကြိမ် မြောက်ဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေ ၁၁ ဆု၊ ငွေ ၇ ဆု၊ ကြေး ၁၀ဆု၊ နှစ်သိမ့်ဆု ၂ ဆု၊ အထူးဆု ၁ ဆု၊ စုစုပေါင်းဆုတံဆိပ် ၃၁ ဆုဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဆင့် ၄  ကိုရရှိခဲ့ရာ ယခုနှစ်ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲတွင်လည်း ယခင်နှစ်များထက်ပိုမိုသော အောင်မြင်မှုအစဉ်အလာကောင်းများရရှိနိုင်ရန် တာဝန်ရှိပုဂ္ဂိုလ်အသီးသီးကကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။