ဘားအံ - ဇူလိုင် (၂၆)
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၂၃) ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္တ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော် ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညို ၍ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဦးစွာ ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္တ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရစ္ဈာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များ ကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စေတနာ ရှင်၊အလှူရှင်များက ကြွရောက်ချီးမြှင့်တော်မူသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် ၂၃ ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဝါဆိုသင်္ကြန်းဆက်ကပ်လှူဒါန်းပွဲတွင် ဘားအံမြို့၌ ပုရိမ ဝါဆိုဝါကပ်တော်မူကြမည့် ဘုန်းတော်ကြီးကျောင်းပေါင်း(၆၈)ကျောင်းမှ ရဟန်းတော်(၂၄၇၃)ပါး၊ သာမဏေကြီး(၄၄၆)ပါး၊ သီလရှင်ပရိယတ္တိစာသင်တိုက်(၉)ကျောင်းမှ သီလရှင်ဆရာကြီး(၉၀၄)ပါး၊ သီလရှင်အငယ်(၁၅၉)ပါး၊ ရဟန်း၊သာမဏေ၊ သီလရှင် စုစုပေါင်း(၃၉၈၂)ပါးတို့ကို ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကျောင်းတိုက်အသီးသီးရှိ သံဃာတော်၊ သီလရှင်များအား သက်ဆိုင်ရာဌာနများက ဆရာ/ဒကာကျောင်းတိုက်များသို့ ပို့ဆောင် ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ပါသည်။















