ဘားအံ - မေ (၁၇)

            ပညာရေးဝန်ကြီးဌာနနှင့်ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃ ခုနှစ်၊ ကျေးလက်နေ ပြည်သူများနှင့်တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်ဆရာ၊ဆရာမများက စာတတ်မြောက်ရေး ဝိုင်းကူပေး တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်ကျေးလက်နေပြည်သူများနှင့်တိုင်းရင်း သားပြည်သူများစာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က စာမတတ် သူပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကရင်ပြည်နယ် အတွင်း မြို့နယ်များရှိ စာသင်ဝိုင်းများတွင်ပံ့ပိုးကူညီပေးကြသော ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်ကြားပို့ချ ပေးခဲ့ကြသည့်နည်းပြများ၊ ကြီးကြပ်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ စာသင်သားများအနေဖြင့်လည်း အရေးအဖတ်စွမ်းရည်များ ပပျောက်သွားခြင်းမရှိရလေအောင် အားလပ်ချိန်များတွင် ဆက်လက်၍ အသိပညာဗဟု သုတများတိုးပွားစေသော စာပေများကြိုးစားဖတ်ရှုနေကြရန်လိုကြောင်း ပြောကြားသည်။

            ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာတတ်မြောက်ရေး နှင့် ကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့်ဆက်လက်ဆောင်ရွက်ရန်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကျောင်းပြင်ပပညာရေး၏ကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး ပညာပေး မနီတို့၏ရွာနှင့်မြစ် ဇာတ်လမ်းတိုဗီဒီယိုကို အတူတကွကြည့်ရှုခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ကရင်ပြည်နယ်ပညာရေးမှူးရုံးတို့အား စာတတ်မြောက်ရေးအကောင်အထည်ဖော်ရေး ဦးစီးကော်မတီ၏ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးထံပေးအပ်ပြီး ပြည်နယ်လူမှုရေး ဝန်ကြီးဦးစောထွန်းအောင်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြ၊ကြီးကြပ်သူများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့်စာသင်သားများအတွက် သင်ယူပြီးမြောက်ကြောင်းလက်မှတ်များကို ပေးအပ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက် ရေး၏ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်ယူပြီးမြောက်ခဲ့သည့်စာသင်သားများကိုယ်စား စာသင်သားတစ်ဦးက ကျေးဇူး တင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုမှတ်တမ်းဗီဒီယို အား အတူတကွကြည့်ရှုခဲ့ကြသည်။

            ယင်းနောက် လှိုင်ဝါးကျေးရွာစာသင်ဝိုင်းအဖွဲ့မှစာသင်သားများက ဒုံးယိမ်းအကဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြ ပြီး တက်ရောက်လာသူများက ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ကာ ကရင်ပြည်နယ်အတွင်း မြို့နယ်များ၌ စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်သား ၂၃၈၇ ဦး သင်ယူပြီးမြောက်ခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်သား၊ ကြီးကြပ်၊ နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်းသိရပါသည်။